North America
ထရမ့်က ရုရှားနှင့် ပူးပေါင်း၍ IS အား လေကြောင်းတိုက်စစ်ဆင်သွားမည်ဟုပြောကြားခဲ့ကြောင်း အိမ်ဖြူတော်ထုတ်ပြန်
ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
မကြာသေးမီက ကျမ်းသစ္စာကျိန်ဆိုထားသော အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ IS အစွန်းရောက်အုပ်စုအား တိုက်စစ်ဆင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sean Spicer က “IS အစွန်းရောက်အုပ်စုကို တိုက်ခိုက်ဖို့ အတွက် ရုရှားနိုင်ငံသာမဟုတ်ဘဲ မည်သည့်နိုင်ငံနဲ့မဆိုပူးပေါင်းသွားမယ်လို့ စဉ်းစားထားပါတယ်။ ပြီးတော့ ဒီလိုဆောင်ရွက်ရာမှာ အမျိုးသားအကျိုးစီးပွားကိုလည်း မျှဝေသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
ဆီးရီးယား ပဋိပက္ခများအတွင်း လေကြောင်းတိုက်စစ်ဆင်မှုလျှော့ချရေးအတွက်သာ ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော ယခင် အမေရိကန်အစိုးရ၏ မူဝါဒကို ကျော်လွန်၍ ယင်းရပ်တည်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာန က အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ ဂျက်လေယာဉ် ၂စီးသည် ရုရှားလေယာဉ်များ နှင့် အတူ IS အစွန်းရောက်အုပ်စုများအား တိုက်စစ်ဆင်ရာတွင်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အိမ်ဖြူတော်က ထရမ့်၏ ပြောကြားချက်အား ထုတ်ပြန်ခဲ့ဲ့ခြင်းဖြစ်သည်။ သို့သော် ပင်တဂွန်စစ်ဋ္ဌာနချုပ်ကမူ ရုရှား၏ ပြောကြားချက်ကို ဇန်နဝါရီ ၂၃ ရက်တွင် ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ပြောရေးဆိုခွင့်ရှိသူ Eric Pahon က ကာကွယ်ရေးဝန်ကြီးဋ္ဌာန (DoD) သည် ရုရှားစစ်တပ်နှင့် ပူးပေါင်း၍ ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဋ္ဌာန (DoD) သည် လေယာဉ်ဝန်ထမ်းများ၏ လုံခြုံရေး၊ ဆီးရီးယားနိုင်ငံအတွင်း မဟာမိတ်တပ်ဖွဲ့များ နှင့် ရုရှားနိုင်ငံတို့ ၏ စစ်ဆင်မှုများ ပဋိပက္ခမဖြစ်ရှိဘဲ ဆောင်ရွက်နိုင်ရေးကိုသာ အဓိကထား၍ ရုရှားနိုင်ငံစစ်တပ်နှင့် ဆက်ဆံရေးတစ်ရပ်ကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)