North America
မက္ကဆီကို စီးတီး ရှိ ဈေးတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား ၂ဦးသေ၊ ၁၀ဦးဒဏ်ရာရရှိ

မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီး ရှိ ဒေသတွင်း ဈေးတစ်ခုတွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြို့၏ ရှေ့နေချုပ်ရုံး က မက္ကဆီကို စီးတီး ၏ လူဦးရေထူထပ်သော Iztapalapa ရပ်ကွက် တွင် တည်ရှိသည့် San Juan ဈေးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အသက် ၄၅နှစ်အရွယ် အမျိုးသမီး တစ်ဦး နှင့် အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ ကလေးငယ်များဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းပြောကြားခဲ့ပြီး မည်သူတစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မျက်မြင်ကြုံတွေ့ခဲ့သူများက လမ်းပေါ်တွင် ရန်ပွဲတစ်ခု ဖြစ်ပွားရာမှ စ၍ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။
San Juan ဈေးတွင် အဝတ်အထည် မှစ၍ အစားအသောက်များအထိ အမျိုးအစားစုံလင်စွာရောင်းချနေပြီး ဈေးတန်း သည် ကီလိုမီတာပေါင်းများစွာ ရှည်လျားကြောင်း သိရသည်။
ယခုရက်သတ္တပတ်အစောပိုင်းကလည်း မက္ကဆီကို တပ်ဖွဲ့သည် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သော ဧရိယာနှင့် ကပ်လျက်နေရာ၌ တရားမဝင် မူးယစ်ဆေးဝါး ဂိုဏ်းတစ်ခုမှ ခေါင်းဆောင်ဟုယူဆရသူအပါအဝင် အဖွဲ့ဝင် ၈ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။ (Xinhua)