Connect with us

North America

တက္ကဆက်စ်ပြည်နယ်၌ ကုန်တင်ကားအတွင်းပိတ်မိ သေဆုံးနေသူ ၉ ဦးထိ ရှိလာ


ဟူစတန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်တောင်ပိုင်း ဆန်အန်တိုနီယိုမြို့Walmart ယာဉ်ရပ်နားစခန်း၌ ရပ်နားထားသည့် ကုန်တင်ကားတစ်စီးထဲတွင် ပိတ်မိသေဆုံးနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၉ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

အစောပိုင်းတွင် သေဆုံးသူဦးရေမှာ ၈ ဦးရှိခဲ့ကြောင်း ၊ နောက်ထပ် သေဆုံးသူ တစ်ဦး ထပ်မံ တိုးလာသဖြင့် သေဆုံးသူ ဦးရေ စုစုပေါင်းမှာ ၉ ဦးထိ ရောက်ရှိသွားကြောင်း နှင့် အားလုံးမှာ အရွယ်ရောက်ပြီးသူ အမျိုးသားများဖြစ်ကြောင်း အမိမြေလုံခြုံရေးဌာန၏ ပြောကြားချက်အရ သိရသည်။ အခြား လူ ၇ ဦးမှာ စိုးရိမ်စရာအခြေအနေတွင် ရှိနေပြီး ဒေသတွင်း ဆေရုံးသို့ပို့ဆောင်ထားပေးကြောင်း သိရသည်။

တက္ကဆက်စ်ပြည်နယ် ၊ ဆန်အန်တိုနီယိုမြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးနေသူများကို ကယ်ဆယ်ရေးပြုလုပ်နေသည့်မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

အချို့သတင်းဌာနများ၏ ဖော်ပြချက်အရ နောက်ထပ် လူ နှစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း ၊ သို့သော် အမိမြေလုံခြုံရေးဌာနက ဆေးရုံ၌ သေဆုံးသူရှိသည်ဆိုသည့် အစောပိုင်းထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ပြောကြားခဲ့သည်။Walmart ယာဉ်ရပ်နားစခန်း၌ ဇူလိုင်လ ၂၃ ရက် နံနက်အစောပိုင်းတွင် ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးနေသူ ၈ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ကုန်တင်ကားထဲတွင် လူပေါင်း ၃ဝ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အား နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးကုသပေးထားကြောင်း သိရသည်။

သေဆုံးသူများမှာမည်သည့် နိုင်ငံသားများဖြစ်ကြောင်း ၊ မည်သည့်နေရာသို့သွားရောက်မည်ဖြစ်ကြောင်း ၊ အသက်အရွယ် မည်မျှရှိကြောင်း နှင့် မည်သည့်ရောဂါသို့မဟုတ် မည်သည့် ဒဏ်ရာဖြင့် သေဆုံးသွားသည်ကို ရဲတပ်ဖွဲ့အနေဖြင့် ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။ (Xinhua)