North America
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းတွင် တောမီးများ အကြီးအကျယ် လောင်ကျွမ်း
ဆန်ဖရန်စစ္စကို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Napa နှင့် Yolo ရှိသော တောမီးလောင်ကျွမ်းမှု ပမာဏမှာ ၇၂၅၀၀ ဧက ရှိပြီး ၁၅ ရာခိုင်နှုန်းခန့်သာ ထိန်းချုပ်နိုင်ကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိ နေထိုင်သူများအား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းထားကြောင်း နှင့် လက်ရှိ သေဆုံး ဒဏ်ရာရမှုများကို ထုတ်ပြန်ကြေညာခြင်း မရှိ သေးကြောင်း ၎င်းပြည်နယ်မီးသတ်ဦးစီးဌာနက ဇူလိုင် ၃ ရက်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း တောမီးငြိမ်းသတ်မှုတွင် မီးသတ်သမား ၂၁၀၀ ကျော် ပါဝင်ပြီး သက်ဆိုင်ရာ ဌာနများက ရဟတ်ယာဉ် ၁၈ စီး ၊ ဘူဒိုဇာ ၅၀ စီး နှင့် မီးသတ်ကား ၁၈၇ စီး ကို မီးငြိမ်းသတ်ရန် စေလွှတ်ထားရာ မီးလောင်ကျွမ်းနေသည့် နေရာအချို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ သို့သော် Napa နှင့် Yolo ရှိ အကြီးအကျယ်လောင်ကျွမ်းနေသည့် တောမီးများကိုမူ ဇူလိုင်လ ၁၀ ရက် နောက်ပိုင်းမှ လုံး၀ ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းရကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင် သည့် မီးသတ်အရာရှိ တစ်ဦးကဆိုသည်။
နှစ်စဉ် နွေကုန်၊ဆောင်းဦးကာလများတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်တောမီးလောင်ကျွမ်းသည့်အချိန်မှာ လွန်ခဲ့သောနှစ်များထက်စောကြောင်း၊ လောင်ကျွမ်းသည့် အရေအတွက်နှင့် ပမာဏမှာလည်း မနှစ်ကထက်ပို၍ များကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ကယ်လီဖိုးနီးယား မြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးပြီး အဆောက်အဦး ၈၉၀၀ခန့် လောင်ကျွမ်း ပျက်စီးခဲ့ကြောင်းသိရသည်။ (Xinhua)