Connect with us

North America

အမေရိကန်ယာယီကာကွယ်ရေးဝန်ကြီးက တပ်ဖွဲ့ဝင်များ “ အိမ်ပြန်ချိန်တန်ပြီ” ဟုပြောကြား

အမေရိကန်နိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီး Christopher Miller အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အသစ်ခန့်အပ်ခံရသော အမေရိကန်နိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ခရစ်စတိုဖာမီလာ(Christopher Miller)က စစ်ပွဲအားလုံး အဆုံးသတ်ရမည်ဖြစ်ကြောင်း နှင့် တပ်ဖွဲ့ဝင်များအားလုံး အိမ်ပြန်ချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် စာချွန်လွှာတစ်ခုထဲတွင်ဖော်ပြခဲ့သည်။

“ စစ်ပွဲအားလုံး အဆုံးသတ်ရမယ်၊ စစ်ပွဲအဆုံးသတ်ဖို့ဆိုရင် စေ့စပ်ညှိနှိုင်းမှုနဲ့ မိတ်ဖက်ဆက်ဆံမှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီစိန်ခေါ်မှုကို ကျွန်တော်တို့ မဖြစ်မနေရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့လုပ်နိုင်တာအားလုံးလုပ်ရမယ်။ အခုချိန်ဟာ တပ်ဖွဲ့ဝင်တွေ အိမ်ပြန်ဖို့အချိန်ရောက်နေပြီ” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့ဝင်များသို့ ပေးပို့သော ၎င်း၏ပထမဆုံး သတင်းစကားတွင် မီလာက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် လုံခြုံရေးကင်းလှည့်နေသော အမေရိကန်တပ်ဖွဲ့ဝင်များအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ယာယီကာကွယ်ရေးဝန်ကြီးက အမေရိကန်နိုင်ငံအနေဖြင့် ၂၀၀၁ ခုနှစ်က စတင်ခဲ့သည့် အယ်လ်ကိုင်းဒါးများအပေါ် စစ်ပွဲအား အဆုံးသတ်ရေး ကတိကဝတ်ကိုဖော်ဆောင်ရန် ကျန်ရှိနေဆဲဖြစ်ကြောင်း နှင့် အကြမ်းဖက်အုပ်စုအနေဖြင့် အရှုံးဘက်သို့ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“ ဒါက အချိန်အကြာကြီး တိုက်ခိုက်ခဲ့ရတာပါ ၊ ကျွန်တော်တို့ဟာ အင်မတန်ကြီးမားတဲ့ ပေးဆပ်မှုတွေလုပ်ခဲ့ရတယ် ၊ စစ်ပွဲမှာ အများကြီး ပင်ပန်းခဲ့ရတယ် ၊ အဲဒီထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်ပဲပေါ့” ဟု ၎င်းက ဆိုသည်။ “ ဒါပေမယ့် ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အဆင့်တစ်ခုမှာရောက်နေပါပြီ ၊ အဲဒီအခန်းကဏ္ဍကို ဦးဆောင်မှုပေးနေသူတစ်ယောက်ဟာ ကျွန်တော်တို့ရဲ့ကြိုးပမ်းအားထုတ်မှုအတွက် ကျွန်တော်တို့အပြောင်းအလဲလုပ်ရမယ်” ဟူ၍လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာဖဂန်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂,၄၀၀ ကျော် အသက်သေဆုံးခဲ့ရပြီးဖြစ်ရာ အမေရိကန်သမိုင်းတွင် အရှည်လျားဆုံး စစ်ပွဲတစ်ခုဖြစ်ကြောင်း အမေရိကန်အထူးတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် အာဖဂန်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူ စစ်ပြန်ဟောင်း မီလာကဆိုသည်။ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ မက်ခ်အက်စပါ(Mark Esper) အား ရာထူးမှ ထုတ်ပယ်ပြီးနောက် ပြီးခဲ့သော နိုဝင်ဘာ ၅ ရက်တွင် မီလာအား ယာယီကာကွယ်ရေးဝန်ကြီးသစ်အဖြစ် သမ္မတဒေါ်နယ်ထရမ့်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားချက်သည် အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား ပြန်လည်ခေါ်ယူရေး အရှိန်အဟုန်ကို ၎င်းအနေဖြင့် တွန်းအားပေးလုပ်ဆောင်သွားမည်ဆိုသည့် သတင်းစကားလည်းဖြစ်သည်။ လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၄,၅၀၀ ခန့်တပ်ချထားကြောင်း သိရသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးကို သမ္မတထရမ့်က ကာလအတန်ကြာကတည်းက ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ အကြီးတန်း စစ်ဖက် အကြံပေးများ နှင့် ပင်တဂွန်စစ်ဌာနချုပ်က တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးသည် အနေအထားတစ်ရပ်ပေါ် အခြေခံသင့်ပြီး ပို၍ အထူးဂရုတစ်စိုက်ချဉ်းကပ်မှု ပြုလုပ်ရန်လိုအပ်ကြောင်း အကြံပြုခဲ့သည်။

ထရမ့်က အစောပိုင်းတွင် တွစ်တာမှတစ်ဆင့် ရေးသားခဲ့ရာ၌ ခရစ်စမတ်ကာလမတိုင်မီ တပ်ဖွဲ့ဝင်များ အိမ်ပြန်နိုင်ရန် ၎င်းအနေဖြင့် လိုလားကြောင်း ဆိုသည်။ ယင်းမှာ ထရမ့်က ၎င်း၏ဆန္ဒကို တွစ်တာမှတစ်ဆင့် ထုတ်ဖော်ခြင်းသာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Robert O’Brien က နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အာဖဂန်ရှိအမေရိကန်တပ်ဖွဲ့ဝင် ၂,၅၀၀ ကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန် နှင့် အာဖဂန်တာလီဘန်တို့အကြား သဘောတူညီလက်မှတ်ရေးထိုးခဲ့ရာတွင် အကယ်၍ တာလီဘန်တို့အနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်လုံးဝမရှိတော့ပါက အမေရိကန်တပ်ဖွဲ့ဝင်များသည် လာမည့် ၂၀၂၁ ခုနှစ်မေလအတွင်း အာဖဂန်မြေမှ အပြီးအပိုင်ရုပ်သိမ်းရေး သဘောတူညီချက်တစ်ခုပါဝင်ကြောင်း သိရသည်။ သို့သော် အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မှူး Kenneth McKenzie က တာလီဘန်တို့အနေဖြင့် “ အယ်လ်ကိုင်းဒါးအကြမ်းဖက်သမားတွေနဲ့အချိတ်အဆက်မရှိတော့ဘူးဆိုတဲ့ သံသယကင်းအောင် သက်သေမပြနိုင်ခဲ့ပါဘူး” ဟု ထုတ်ဖော်ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.