Connect with us

North America

အမေရိကန် လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို COVID-19 အသွားအလာကန့်သတ်စောင့်ကြည့်ထား

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက်တွင် လျှို့ဝှက်လုံခြံရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို COVID-19 ရောဂါဖြစ်ပွားမှုများကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ရခြင်း သို့မဟုတ် သီးသန့်ခွဲခြားနေထိုင်ခြင်း လုပ်ဆောင်နေရကြောင်း ဝါရှင်တန်ပို့စ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

၎င်းတို့အားလုံးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း သို့မဟုတ် ကူးစက်ခံရသူတစ်ဦးဦးနှင့် ထိတွေ့ခဲ့ခြင်းရှိခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ဝင်နှင့် နီးစပ်သူ သုံးဦးကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရောဂါကူးစက်မှုသည် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့ မတိုင်ခင် သုံးရက်က သမ္မတဒေါ်နယ်ထရမ့်၏ နောက်ဆုံးစည်းရုံးရေး ခရီးစဉ်များနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ယူဆရကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

“လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်များကို စစ်ဆေးမှုများ သံသယရှိသူများ၊ အတည်ပြုလူနာများနှင့် ထိတွေ့မှုခြေရာခံခြင်းများ ကောင်းမွန်စွာလုပ်ဆောင်ထားပြီး COVID-19 ကူးစက်ခံရသည့်ဝန်ထမ်းများကို သီးသန့်ခွဲခြားနေထိုင်စေမှုများ ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း” ကြေညာချက်တွင် အေဂျင်စီက ပြောဆိုခဲ့သော်လည်း ဝန်ထမ်းအရေအတွက်မည်မျှ ကူးစက်ခံရကြောင်း သို့မဟုတ် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူ နေရကြောင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

အိမ်ဖြူတော် အရာရှိချုပ် Mark Meadows ၊ အိမ်ရာနှင့်မြို့ပြ ဖွံဖြိုးတိုးတက်ရေး ဝန်ကြီး Ben Carson ၊ အိမ်ဖြူတော် နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေမှူး Brian Jack နှင့် ထရမ့်၏ ရွေးကောက်ပွဲစည်းရုံးရေး အကြံပေး Corey Lewandowski တို့သည် အိမ်ဖြူတော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲ ညပါတီတစ်ခုပြီးနောက် ကူးစက်ခြင်းခံခဲ့ရသူများတွင် အပါအဝင် ဖြစ်သည်။

အောက်တိုဘာလအစပိုင်းက သမ္မတ ကိုယ်တိုင်နှင့် သမ္မတကတော် မယ်လန်နီယာထရမ့်တို့လည်း COVID-19 ကူးစက်မှုခံခဲ့ရကြောင်း သိရသည်။ (Xinhua)