North America
ကနေဒါနှင့်အမေရိကန် ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမည့် ကိုရီးယားကျွန်းဆွယ်အရေး နိုင်ငံတကာ ဆွေးနွေးပွဲကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်
အော့တဝါ၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)
ကနေဒါ နှင့် အမေရိကန် နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတစ်ခုကို ဗန်ကူးပါးမြို့( Vancouver) ၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကနေဒါနိုင်ငံသို့ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန် နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Chrystia Freeland တို့ပြုလုပ်သော ဆွေးနွေးပွဲများအတွင်း ကိုရီးယားကျွန်းဆွယ်အရေး နိုင်ငံတကာဆွေးနွေးပွဲကျင်းပရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။၎င်းခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရုဒေါ(Justin Trudeau) နှင့်လည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
“ မြောက်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်နေမှုဟာ ကျွန်တော်တို့အားလုံးအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သံတမန်ရေးရာနည်းလမ်းနဲ့အဖြေရှာခြင်းဟာ မရှိမဖြစ် နဲ့ဖြစ်နိုင်ခြေ နှစ်မျိုးစလုံးပါပဲ။ ကျွန်တော်တို့ရဲ့မဟာမိတ်တွေ ၊ အမေရိကန်၊ ဂျပန် ၊ တောင်ကိုရီးယား စတဲ့ ဒေသတွင်း မိတ်ဘက်တွေနဲ့အတူတကွလက်တွဲပြီး ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နဲ့ လုံခြုံရေး ဘုံဦးတည်ချက်အတွက် ဖိအားပေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး Freeland က ဆိုသည်။
“ မြောက်ကိုရီးယားနိုင်ငံအပေါ်ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေနေသလို နိုင်ငံတကာအသိုင်းအဝိုင်းက စည်းလုံးညီညွတ်စွာ ရှိနေကြောင်း သတင်းစကား ပါးရမှာပါ။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးကို အပြည့်အဝေဖော်ဆောင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ” ဟု တီလာဆန်က ပြောကြားခဲ့သည်။
Vancouver ဆွေးနွေးပွဲသို့၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံအများစု တက်ရောက်လာရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)