North America
ကနေဒါ နိုင်ငံ အရှေ့ပိုင်းဒေသ ရှိ နေအိမ် တစ်ခု မီးလောင် ခဲ့ရာ ကလေးငယ် ၄ ဦး သေဆုံး
![ကလေးငယ် ၄ ဦး သေဆုံး ခဲ့သည့် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည့် ဒေသအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)](https://xinhuamyanmar.com/wp-content/uploads/2018/01/images_world_2018_01_8g1.jpg)
အော့တဝါ ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ကနေဒါ နိုင်ငံ အရှေ့ပိုင်းရှိ Nova Scotia ပြည်နယ်တွင် ဇန်နဝါရီ ၇ ရက်နေ့၌ နေအိမ် တစ်အိမ် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ကလေးငယ် ၄ ဦး သေဆုံး ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ မွေးကင်းစ ကလေးငယ် တစ်ဦး ဖြစ်ကြောင်း ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။
သတင်းဖော်ပြချက်များအရ Nova Scotia ပြည်နယ် Yarmouth မြို့တွင် ဖြစ်ပွား ခဲ့သည့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် တစ်ခုလုံး ပျက်စီး သွားခဲ့ပြီး မီးလောင်မှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိ ခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်က မီးလောင်မှု ကို ထိန်းချုပ် နိုင်ရန် အချိန် ၂ နာရီကြာ မီးငြိမ်းသတ်မှု ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ချိန်တွင် ဒေသတွင်းရှိ အပူချိန် မှာ အနုတ် ၁၃ စင်တီဂရိတ် သာရှိခဲ့ပြီး မီးလောင်ကျွမ်းမှု နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)