North America
ကျူးဘားနှင့် အမေရိကန် တိုက်ရိုက်လေကြောင်း ပျံသန်းရန် သဘောတူလက်မှတ် ရေးထိုးမည်
ဟာဗာနား၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် တိုက်ရိုက်လေကြောင်း ပြန်လည် ပုံမှန်ပျံသန်းရန် နားလည်မှုစာချွန်လွှာအား ဖေဖော်ဝါရီလ ၁၆ ရက်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကျူးဘားအစိုးရက ဖေဖော်ဝါရီလ ၁၃ ရက်က အတည်ပြု ပြော ကြားလိုက်သည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ကျူးဘားနိုင်ငံရှိ National Hotel ၌ ပြုလုပ်မည် ဖြစ်ကြောင်း ကျူးဘား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။သဘောတူလက်မှတ် ရေးထိုးပြီးပါက လေကြောင်းလိုင်းများ အနေဖြင့် ပျံသန်းမည့် ခရီးစဉ် အတွက် အမေရိ ကန် ပို့ဆောင်ရေးဋ္ဌာနသို့ ၁၅ ရက် ကြိုတင် တင်ပြရမည် ဖြစ်သည်။
အမေရိကန် အဓိက လေကြောင်းလိုင်းများ ဖြစ်သည့် United, Delta, American, Southwest and JetBlue စသည့် လေကြောင်းလိုင်း ငါးခုက ကျူးဘားသို့ ပုံမှန်လေကြောင်း ပျံသန်းရန် စိတ်ဝင်စားကြောင်း ဖော်ပြထား ကြောင်း၊ လက်မှတ်ရေးထိုးပြီးလျှင် ခရီးစဉ်နှင့် လိုအပ်ချက်အလိုက် လေယာဉ်နှင့် ခရီးစဉ်များအား တိုးချဲ့သွား ရန်ရှိပြီး နေ့စဉ် လေယာဉ်စီးရေ ၁၀၀ ကျော် ပြေးဆွဲရန် အလားအလာရှိကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံ လေကြောင်းလိုင်းများသည်လည်း လေယာဉ် ပျံသန်းမှု စည်းမျဉ်းစည်းကမ်းများ ဖလှယ်ခြင်းနှင့် လေယာဉ် ငှားရမ်းခြင်း စသည့် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများအား လက်မှတ်ရေးထိုးရန် ရှိသည်။
ဤသို့ သဘောတူလက်မှတ် ရေးထိုးရခြင်းမှာ ကျူးဘား ခရီးသည်များအား အမေရိကန်သို့ ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်သလို ကျူးဘားနှင့် ပုံမှန် ဆက်ဆံရေး ထူထောင်လိုသည့် သမ္မတ ဘားရတ် အိုဘားမား၏ အထွေထွေ မူဝါဒ ထဲမှ အဓိကကျသော အချက်တစ်ခု ဖြစ်ကြောင်း ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန လက်ထောက် နိုင်ငံခြား ရေး ဝန်ကြီးက ပြောသည်။ (Xinhua)