North America
တက္ကဆက်ပြည်နယ် ဂျက်လေယာဉ်ပျက်ကျမှု တွင် လေတပ်လေယာဉ်မှူးတစ်ဦးသေဆုံး

ဝါရှင်တန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ရှိ စစ်စခန်းတစ်ခု အပြင်ဘက်တွင် နိုဝင်ဘာ ၂၀ ရက်က လေတပ်ပိုင်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးပြီး အခြားလေယာဉ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်အရာရှိများက ပြောကြားခဲ့သည်။
လေယာဉ်မှူး နှစ်ဦးသည် Del Rio မြို့ အနီး Laughlin လေတပ်စခန်းပိုင် အင်ဂျင်နှစ်လုံးတွဲတပ်ဆင်ထားသော T-38 Talon အမျိုးအစား အသံထက်မြန်သည့် ဂျက်လေယာဉ်ကို မောင်းနှင်ပျံသန်းလာခြင်းဖြစ်ပြီး စစ်စခန်းအနောက်မြောက်ဘက် ၂၃ကီလိုမီတာအကွာခန့်တွင် ညနေ ၄နာရီဝန်းကျင်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းဖော်ပြချက်များအရ လေယာဉ်မှူးတစ်ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် လေယာဉ်မှူးအား Del Rioမြို့ရှိ Val Verde ဒေသတွင်းဆေးကုသမှုစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များ နှင့် ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လေတပ်ကပြောကြားခဲ့သည်။ (Xinhua)