North America
မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများ ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အမေရိကန်က နယ်စပ်ဂိတ်ကို ပိတ်ပစ်
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရန် မက္ကဆီကို-အမေရိကန်နှစ်နိုင်ငံနယ်စပ်အနီးရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများက ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံ ဆန်ဒီယေဂို ၊ ကယ်လီဖိုးနီးယား နှင့် မက္ကဆီကိုနိုင်ငံ Tijuana တို့ဆက်သွယ်ထားသည့် လူဝင်လူထွက် များပြားသော နှစ်နိုင်ငံနယ်စပ်ဝင်ပေါက်ဂိတ်များကို အမေရိကန်နိုင်ငံ၏ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေးအေဂျင်စီ(CBP) က ဆန်ဒီယေဂိုမြို့၌ပြောကြားရာတွင် San Ysidro ဆိပ်ကမ်းမှတဆင့် တင်သွင်းမည့် ကုန်စည်များအတွက် အဝင်အထွက်ဂိတ် နှစ်ခုစလုံး ပိတ်ပစ်ခဲ့ကြောင်း ဆိုသည်။
ဟွန်ဒူးရပ်စ်နိုင်ငံသား အများဆုံးပါဝင်သည့် ဗဟိုအမေရိကားမှ ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၁၈ဝဝ သည် ပြီးခဲ့သော ရက်သတ္တပတ်က မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့Tijuana သို့အုပ်စုလိုက် ရောက်ရှိလာခဲ့ကြောင်း နှင့် နောက်ထပ်လည်း ထပ်မံရောက်ရှိလာဖွယ်ရှိကြောင်း အာဏာပိုင်များကဆိုသည်။
မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံနယ်စပ်တွင် ကာရေဗီယံရွှေ့ပြောင်နေထိုင်သူများ ဆန္ဒပြနေကြစဉ်(ဆင်ဟွာ)
မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံ နယ်စပ်တံတိုင်းအားတွေ့ရစဉ်(ဆင်ဟွာ)
မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံ နယ်စပ်တံတိုင်းအားတွေ့ရစဉ်(ဆင်ဟွာ)
နိုဝင်ဘာ ၂၅ ရက်တွင် ရွှေ့ပြောင်းနေထိုင်သူများက ဆန္ဒပြခဲ့ကြကြောင်း Tijuana မြို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီး အဓိကရုဏ်း ဖြစ်စဉ်အတွင်း ဆန္ဒပြသူများသည် ဦးတည်ရာ အမျိုးမျိုးသို့ထွက်ပြေးခဲ့ကြကြောင်း ဆိုသည်။သို့သော်လည်း ဆန္ဒပြ ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုအား တားဆီးမှုတစ်ခုပြုလုပ်ခဲ့သည်ကို အတည်ပြုခြင်းမရှိကြောင်း CBP ကတွစ်တာတွင်ရေးသားခဲ့သည်။
“ ဘယ်လိုအကြောင်းပြချက်မျိုးမဆို လိုအပ်လာရင် အမေရိကန်-မက္ကဆီကို နယ်စပ်ဂိတ်ကို ပိတ်ပစ်မယ်” ဟူ၍ သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအသစ်တစ်ခုကို ထွက်ပေါ်လာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ တောင်ပိုင်းနယ်စပ်မှာရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့သူတို့တစ်ယောက်ချင်းစီကို တရားရုံးက အတည်ပြုချက်မပေးမချင်း အမေရိကန်နိုင်ငံထဲကိုဝင်ခွင့်ပြုမှာမဟုတ်ပါဘူး ” ဟု ဒေါ်နယ်ထရမ့်က တွစ်တာလူမှုကွန်ရက်ပေါ်တွင် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင်ရေးသားခဲ့ပြီး“ သူတို့အားလုံး မက္ကဆီကိုနိုင်ငံထဲမှာပဲနေရမယ်” ဟု ၎င်းကဆိုသည်။
အမေရိကန်နိုင်ငံ၏ ခိုလှုံခွင့်မူဝါဒအပေါ် အမေရိကန်အစိုးရအား မက္ကဆီကိုအစိုးရသစ်က ထောက်ခံရန် သဘောတူကြောင်း မှတ်ချက်စကားကို ဝါရှင်တန်ပိုစ့်သတင်းစာက ရေးသားဖော်ပြပြီးနောက်တွင် ထရမ့်က တွစ်တာ၌ အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မက္ကဆီကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအသစ်အဖြစ် ရှေ့လတွင် စတင်တာဝန်ထမ်းဆောင်မည့် Olga Sanchez Cordero က နှစ်နိုင်ငံအကြားမည်သည့်သဘောတူညီချက်မှ မရှိကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်စောင်တွင် ငြင်းဆိုခဲ့သည်။(Xinhua)