North America
အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ဦးသေ၊ ရဲတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိ

ချီကာဂို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ချီကာဂိုမြို့စွန် Aurora မြို့ ရှိ ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက် က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
Aurora ရဲချုပ် Kristen Ziman က သေနတ်သမားသည် အသက် ၄၅နှစ်အရွယ် Gary Martin ဆိုသူဖြစ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း၊ ၎င်းသည် ချီကာဂိုမြို့ အနောက်ဘက် ၆၅ကီလိုမီတာအကွာ ရှိ Aurora မြို့ မှ Henry Pratt ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ယုံကြည်ရကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ ဒေသစံတော်ချိန် နေ့လည် ၁း၃၀နာရီ မတိုင်မီ ရောက်ရှိလာခဲ့ပြီး အဆိုပါ စက်ရုံအဆောက်အအုံထဲသို့ ဝင်ရောက်စဉ် ရဲတပ်ဖွဲ့ဝင် ၂ဦး ရုတ်တရက် ပစ်ခတ်ခံရကြောင်း သိရသည်။ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီသည် သောက်ရေသန့်၊ စွန့်ပစ်ရေများ၊ စွမ်းအင်ဖြန့်ဖြူးရေး နှင့် စက်ရုံလုပ်ငန်းများအတွက် အဆို့ရှင် (Valves) များထုတ်လုပ်ပေးနေသည့် မြောက်အမေရိကတိုက်၏ အကြီးဆုံးသော စက်ရုံများအနက်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)