North America
၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ သတင်းသမားပေါင်း ၄၈ ဦးအသတ်ခံခဲ့ရ

ဝါရှင်တန်၊ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)
၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ သတင်းသမားပေါင်း ၄၈ ဦးအသတ်ခံခဲ့ရပြီး ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့သတင်းသမားသေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ၅ နှစ်မြောက် ဆက်လက်ရပ်တည် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်ကို သတင်းသမားများအကာအကွယ်ပေးရေးကော်မတီက ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ်အတွင်း ဆီးရီးယားတစ်နိုင်ငံတည်း၌ သတင်းသမားပေါင်း ၁၄ ဦးသေဆုံးခဲ့ရပြီး အခြားသေဆုံးမှုနှုန်းအမြင့်ဆုံး တိုင်းပြည်များမှာ အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် အီရတ် ၊ ယီမင် ၊ အာဖဂန်နစ္စတန် ၊ ဆိုမာလီယာ နှင့် လစ်ဗျားနိုင်ငံများသည် သတင်းသမား အသတ်ခံရမှုတွင် အဆင့် ၂ မှ ၆ ထိ အသီးသီးရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းသေဆုံးခဲ့ရသော သတင်းသမား ၄၈ ဦးထဲတွင် စစ်မြေပြင်၌ သေဆုံးသူ ၂၆ ဦး ၊ လုပ်ကြံသတ်ဖြတ်ခံရသူ ၁၈ ဦး နှင့် အန္တရာယ်များသော အခင်းဖြစ်ရာတွင် သတင်းရယူရင်း သေဆုံးသူ ၃ ဦး နှင့် အခြားတစ်ဦးမှာ မည်သည့်အတွက်ကြောင့်သေဆုံးခဲ့ရသည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
သေဆုံးခဲ့ရသော သတင်းသမားများအနက် ၂၇ ဦးမှာ မည်သို့မည်ပုံ သေဆုံးခဲ့ရသည်ကိုမူ မသိရှိရကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ အဆိုပါ အဖွဲ့အစည်းသည် ၁၉၉၂ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝန်း၌ သတင်းသမားများ သေဆုံးခဲ့ရသည့် စာရင်းကို မှတ်တမ်းပြုစုနေခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် သတင်းသမားသေဆုံးမှု ၇၄ ဦးဖြင့် အမြင့်ဆုံးအရေအတွက်ဖြစ်ခဲ့ကြောင်း သိရသည်။(Xinhua)