North America
ဒစ္စနေး၏ လူကြိုက်များခဲ့သော “Frozen” ကာတွန်းရုပ်ရှင်ကို တရုတ်နိုင်ငံတွင် နိုဝင်ဘာလ၌ ပြသမည်
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
ဒစ္စနေးရုပ်ရှင်ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ဝက်ဝက်ကွဲလူကြိုက်များခဲ့သော “Frozen” ကာတွန်းရုပ်ရှင်ဇာတ်ကား၏ နောက်ဆက်တွဲ “Frozen 2” ဇာတ်ကားကို အမေရိကန်နိုင်ငံ၌ ရုံတင်ပြသသည့် နိုဝင်ဘာ ၂၂ ရက်တွင်ပင် တရုတ်နိုင်ငံ၌လည်း ရုံတင်ပြသမည်ဖြစ်ကြောင်း ဒစ္စနေး၏ တရားဝင် Weibo စာမျက်နှာ၌ ဖော်ပြခဲ့သည်။
အဆိုပါ ဂီတကိုအခြေခံသော ပျော်ရွှင်ဖွယ်ကာတွန်းရုပ်ရှင်တွင် ရေခဲစွမ်းအားရှင် ဘုရင်မ အယ်လ်ဆာ (Elsa) နှင့် ၎င်း၏ နွေးထွေးသော နှလုံးသားပိုင်ရှင် ညီမလေး အန်နာ (Anna) တို့၏အကြောင်းကို ဆက်လက်တင်ဆက်သွားမည် ဖြစ်သည်။
ဤကာတွန်းရုပ်ရှင်ဇာတ်ကားသစ်တွင် အန်နာနှင့် အယ်လ်ဆာတို့က ၎င်းတို့၏နိုင်ငံကို ကယ်တင်ရန် အယ်လ်ဆာပိုင်ဆိုင်သည့် စွမ်းအားများ၏ မူလရင်းမြစ်ကို ရှာဖွေရန် နှစ်သက်ကြည်နူးဖွယ်ကောင်းသော သစ်တောတစ်ခုဆီသို့ သွားရောက်သည်ကို ရိုက်ကူးပြသထားသည်။
“Frozen” ဇာတ်ကားကို တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ရုံတင်ပြသခဲ့စဉ် စုစုပေါင်း ယွမ် ၂၉၈ သန်း (အမေရိကန်ဒေါ်လာ ၄၂ သန်းခန့်) ဝင်ငွေရရှိခဲ့ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင် သတင်းအချက်အလက်ကွန်ရက်အရ သိရသည်။ (Xinhua)