North America
ကိုပါ Libertadores ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ မက်ဒရစ်မြို့တွင်ကျင်းပမည်
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၆ရက်(ဆင်ဟွာ)
ဘရာဇီးဘောလုံးအကျော်အမော် ရော်နယ်ဒိုက စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပမည့် ရေဗားပလိတ် နှင့် ဘိုကာဂျူနီယာ အသင်းတို့၏ ကိုပါ Libertadores ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်ကို ထောက်ခံအားပေးသည့်အနေဖြင့် ၎င်းပါဝင်ကစားပေးရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
ဘိုကာဂျူနီယာအသင်းဘတ်စ်ကားကို ရီဗားပလိတ်အသင်းပရိသတ်များက တိုက်ခိုက်မှုကျူးလွန်ခဲ့ခြင်းကြောင့် ပြိုင်ပွဲအား ၂ ပတ်ရက် ရွှေ့ဆိုင်းခဲ့ပြီးနောက်တွင် အဆိုပါ ဗိုလ်ပွဲစဉ်ကို ရီးယဲလ်မက်ဒရစ်အသင်း၏ ဘာနေဗျူးကွင်း၌ ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည်ကျင်းပသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
“ အရေးပေါ်အခြေအနေဖြစ်ခဲ့တာပါ။ အာဂျင်တီးနားမှာ ဖြစ်ခဲ့တာက သိပ်ကို ရုပ်ဆိုးပါတယ်။ အဲဒါက ဘောလုံးပြဿနာတစ်ခုမဟုတ်ပါဘူး။ အဲဒါက လူမှုရေးပြဿနာတစ်ခုပါ”ဟု ၁၉၉၄ ခုနှစ် နှင့် ၂ဝဝ၂ ခုနှစ်များတွင် ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့သော ဘရာဇီးလက်ရွေးစင်ကစားသမားက ပြိုင်ပွဲမြှင့်တင်ရေးသတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။
“ ဗိုလ်လုပွဲကို မက်ဒရစ်မြို့က ဘာနေဗျူးအားကစားကွင်းမှာ ကျင်းပတာဟာ အားကစားပုံရိပ်ကောင်းတစ်ခုအတွက်ရော အသင်းနဲ့အားပေးတဲ့ပရိသတ်တွေ သွားရေးလာရေးအတွက်ပါ သိပ်ကို ကောင်းတဲ့ ဖြေရှင်းနည်းတစ်ခုလို့ကျွန်တော်ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
ရော်နယ်ဒိုက တောင်အမေရိက ကလပ်အသင်းပြိုင်ပွဲဖြစ်သော Copa Libertadores ၌ ဗိုလ်စွဲရန် မည်သည့်အသင်းမှ ရေပန်းစားခြင်း မရှိကြောင်းဆိုသည်။
ဗျူနိုးအေးရိစ်မြို့မြောက်ပိုင်းခရိုင်ရှိ ရေဗားပလိတ်အသင်း၏ Monumental အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားနိုင်ငံ၏ အကြီးအကျယ်ဆုံး ပြိုင်ဖက် နှစ်သင်းဖြစ်သော ရီဗားပလိတ် နှင့် ဘိုကာဂျူနီယာပွဲစဉ်တွင် ဘိုကာဂျူနီယာအသင်းဘတ်စ်ကားမှာ ကျောက်တုံးများ နှင့် ပုလင်းများဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် နိုဝင်ဘာ ၂၄ ရက်က ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် ကားမှန်များ ကွဲသွားပြီး ဘိုကာကစားသမား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ထို့ပြင် အာဂျင်တီးနားလက်ရွေးစင်ဟောင်း ကားလို့စ်တီဗက်မှာလည်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် လူစုခွဲစဉ် မျက်ရည်ယိုဗုံးဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို နောက်တစ်ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲမစခင် နာရီပိုင်းအလိုတွင် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ ပထမအကျော့ပွဲစဉ်တွင် တစ်ဖက် ၂ ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။(Xinhua)