Videos
မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် မျက်စိအလင်းပြန်ရခြင်း အခမ်းအနားကျင်းပ
မန္တလေး ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အခမဲ့ ခွဲစိတ်ကုသပေးသည့် မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် မျက်စိအလင်းပြန်လည် ရရှိခြင်း အခမ်းအနား အား သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်းကျေးရွာရှိ ရွှေရတု တိပိဋက စက္ခုပါလ မျက်စိ ဆေးရုံ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား သံအမတ်ကြီး မစ္စတာ ကုန်ကျန့်ကျုံး က အမှာစကား ပြောကြားရာ စီမံကိန်း စတင်ချိန်မှ စ၍ ယခု အချိန်ထိ မဲခေါင်ဒေသရှိ နိုင်ငံ များတွင် လူနာပေါင်း များစွာကို အခမဲ့ အောင်မြင်စွာ မျက်စိအတွင်းတိမ် ခွဲစိတ် ကုသမှု နှင့် ဆေးဝါး ကုသမှု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၊ ယခု ကဲ့သို့ အရပ်ဘက် အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု နှင့် ချစ်ကြည်ရေး ကို တိုးမြှင့် ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က ယခုလို ကူညီမှု များလိုအပ်နေသည့် အချိန်တွင် တရုတ် နိုင်ငံ မှ မဲခေါင်ဒေသ စက္ခုအလင်း ခရီးစဉ် လှုပ်ရှားမှု ဖြင့် မြန်မာ နိုင်ငံ မှ လူနာများကို လာရောက် ကူညီပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး မှ ဒုတိယ ကောင်စစ်ဝန်ချုပ် မစ္စတာ တျောင်မင် က အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် မိတ်ဆွေ နိုင်ငံ များ ဖြစ်ကြသဖြင့် မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အရ တရုတ် နိုင်ငံ မှ တက်စွမ်းသမျှ ကူညီဆောင်ရွက်မှု များပေးအပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း က အိုက်အယ် မျက်စိ ဆေးရုံ အနေဖြင့် ယခု မဲခေါင်ဒေသ စက္ခုအလင်း ခရီးစဉ် တွင် ပါဝင်ခွင့် ရရှိခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက်ပြီး လူနာများ အလင်းရောင်ပြန်လည် ရရှိရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် ရွှေရတု တိပိဋက စက္ခုပါလ မျက်စိ ဆေးရုံ ဥက္ကဋ္ဌ ဦးကျော်မြင့် က ကျေးဇူးတင် စကားပြောကြားခဲ့ပြီး မျက်စိ ဆေးရုံ သို့ အလှူရှင်များမှ အလှူငွေများ နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းပေးခဲ့ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူး ခဲ့သည်။ (Xinhua)