Connect with us

Myanmar

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် မဲစာရင်းများအား ၇ ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

မဲစာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ၂၈ ရက်၌ စတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ်မဲစာရင်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက် အထိ ကပ်ထားကြေညာလျက်ရှိပြီး ထပ်မံ၍ အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၂၀ ရက် အထိ ၇ ရက် တိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
မဲစာရင်းများပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များက လိုအပ်သည့် တောင်းဆိုလွှာ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်အတွက် မဲစာရင်းကို ၇ ရက် ထပ်မံတိုးမြှင့်ကပ်ထား ကြေညာသွားခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် မဲဆန္ဒရှင်များအနေဖြင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄ – ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)