Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း စီစီတီဗွီ ကင်မရာများ ထပ်မံတပ်ဆင်ရန် စီစဉ်ထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း စီစီတီဗွီ ကင်မရာများ ထပ်မံတပ်ဆင်ရန် စီစဉ်ထားကြောင်း ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
လှုှိင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာမြို့နယ် အတွင်း တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုစေရန် အတွက် လမ်းဆုံ လမ်းခွများနှင့် ဒုစရိုက်မှု ကျူးလွန်တတ်သည့် နေရာများတွင် စီစီတီဗွီ ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့် ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရမှ စီစဉ်ဆောင်ရွက် ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရံုံး အစီအစဉ် ဖြင့် တူးချောင်းတိုးဂိတ်၊ အနောက်ပိုင်း တက္ကသိုလ်အဝိုင်း၊ ပန်းလှိုင် တံတား၊ ရွှေပြည်သာတံတား၊ အောင်ဇေယျတံတားနှင့် ဘုရင့်နောင်တံတား အမှတ် (၁/၂) တို့တွင် စီစီတီဗွီ ကင်မရာများ ထပ်မံတပ်ဆင်ရန် စီစဉ်ထားပါတယ်” ဟု ဝန်ကြီးက ပြောသည်။
ထို့အပြင် လှုှိင်သာယာမြို့နယ်မှာ ၂၆.၀၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာ၊ အိမ်ခြေ(၁၃၄,၀၃၆)၊ အိမ်ထောင်စု (၁၄၉,၇၁၇)၊ နေထိုင်သူ လူဦးရေမှာ (၇၄၉,၇၄၂) ဦးနေထိုင်ပြီး၊ လမ်းမကြီး(၃)လမ်း၊ လမ်းသွယ် (၁၂) ခုဖြင့် ဖွဲ့စည်းထားကြောင်း၊ လှိုင်သာယာ မြို့နယ်သည် အရှေ့ဘက်တွင် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ တောင်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ် နှင့် မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ် တို့ထိစပ်လျက် ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ် အတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအား အလေးထား ကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖဲ့ွရုံး၏ ထောက်ပံ့မှုဖြင့် ၂-၈-၂၀၁၇ ရက်နေ့မှ စ၍ လှိုင်သာယာ မြို့နယ်အတွင်း စီစီတီဗွီ ကင်မရာ များတပ်ဆင်ထားရှိပြီး၊ လှိုင်သာယာမြို့မ ရဲစခန်းတွင် အထိုင်စက်ဖြင့် စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောသည်။ (Xinhua)