Politics, Law & Military
ရေကဏ္ဍ ဘက်စုံ စီမံခန့်ခွဲမှုတွင် အလွှာစုံ ပါဝင် ဆောင်ရွက်ဖို့ လိုအပ်
နေပြည်တော်၊ မတ်လ ၆ ရက်(ဆင်ဟွာ)
ရေကဏ္ဍ ဘက်စုံ စီမံခန့်ခွဲမှု အောင်မြင်ရေးအတွက် ဘက်စုံ အလွှာစုံက တက်ကြွစွာ ပါဝင် လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
“ရေပေးဝေမှုနဲ့ မိလ္လာစနစ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပတ်ဝန်းကျင် သန့်ရှင်းမှု၊ ရေသွင်းစိုက်ပျိုးမှု၊ ရေအားလျှပ်စစ်၊ သဘာ၀ အခြေပြု ခရီးသွားလာမှု၊ သယ်ယူ ပို့ဆောင်မှု စတဲ့ ကဏ္ဍမျိုးစုံမှာ ရေရှည် ဖွံ့ဖြိုး တိုးတက်လာဖို့အစိုးရနဲ့ ပြည်သူပူးပေါင်းပြီး ဘက်စုံ အလွှာစုံကတက်ကြွစွာ ပါဝင် ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်၊ အဆိုပါ ကဏ္ဍများမှာ အခြေခံ လိုအပ်ချက်ဟာ ရေဖြစ်ကြောင်းနဲ့ လိုအပ်တဲ့ ရေဟာ ရှားပါး အရင်းအမြစ် ဖြစ်လို့ ရေ အရင်းအမြစ်တွေကို ထိန်းသိမ်း စောင့်ရှောက်သင့် ကြောင်း အသိအမြင် ၇ှိစေဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်သော အဆိုပါ ကမ္ဘာ့ ရေနေ့ အခမ်းအနား၌ ဒုတိယ သမ္မတက ပြောခဲ့သည်။
အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြစဉ်။(ဆင်ဟွာ)
၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)
ဒုတိယ သမ္မတနှင့် အဖွဲ့ ပြခန်းများအား လှည့်လည် ကြည့်ရှုကြစဉ်။(ဆင်ဟွာ)
လုံခြုံ ဘေးကင်းသည့် ရေ၊ ကောင်းမွန်သော ရေနှင့် သန့်ရှင်းမှု စနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့ သူများစွာအတွက် အကြောင်းရင်းများ အလေးထား ရှာဖွေ ဖြေရှင်းကြဖို့ ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့၏ အထူးပြု အကြောင်းအရာကို UN – Water က “မည်သူ့ ကိုမျှ နောက်ချန် မထားခဲ့ ရေး – Leaving No One Behind” ဟု သတ်မှတ်ထားကြောင်း၊ ကမ္ဘာ့ လူဦးရေ တစ်ဘီလျံခန့်သည် မိမိတို့ အိမ်များတွင် လုံခြုံ ဘေးကင်းသော သောက်သုံးရေ မရရှိသေးသောကြောင့် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများအပေါ်တွင် သက်ရောက်မှုများ ရှိနေကြောင်း၊ ကမ္ဘာ့ လူဦးရေ၏ ၂ ဒသမ ၃ ဘီလျံခန် ့မှာလည်း ကောင်းမွန်သော မိလ္လာစနစ်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သောကြောင့် ၎င်းတို့၏သက်ရှည် ကျန်းမာမှုအပေပါ် သက်ရောက်မှုများ ခံစားနေရဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝပြီး အာဆီယံနိုင်ငံများ၏ရေ ၁၆ ရာခိုင်နှုန်းခန့်နှင့် အာရှတိုက်တစ်တိုက်လုံး၏ ရေ ၁၂ ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်သော ရေ အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ သို့ရာတွင် မိုးရွာသွန်းမှု ကွဲပြား ခြားနားမှု၊ လူဦးရေ တိုးပွားလာမှု၊ စက်မှုဇုန် စီးပွားရေးဇုန်များ တိုးတက် များပြားလာမှု စသည့် လူနေမှု စနစ် ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်ချက်များ ရှိလာကာ လူတိုင်းအတွက် ရေဖူလုံစွာ ရရှိနိုင်ရေးမှာ ခက်ခဲလာကြောင်း၊ စနစ်တကျ သန့်စင်ခြင်းမရှိဘဲ မြစ်ချောင်းများအတွင်း စွန့်ထုတ်လိုက်သည့် ရေဆိုးများ၊ ဓာတုပစ္စည်းများကြောင့်လည်း ရေထု ညစ်ညမ်းမှု ပြသနာများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုအခက်အခဲများ ဖြေရှင်းဖို့နှင့် ရေကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲရေးကို စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။
ယနေ့ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ။ သံတမန်များ၊ NGOs, INGOs များမှ ကိုယ်စားလှယ်များ၊ပညာရှင်များ တက်ရောက်ခဲ့ကြပြီး တိုင်း ဒေသကြီး ပြည်နယ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ရေကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးရေး ဌာနဆိုင်ရာ ပြခန်းများ ဖွင့်လှစ် ပြသခဲ့ကြသည်။(Xinhua)