Politics, Law & Military
တတိယ တစ်နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းပွဲ စတင်
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ)
နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲများကို ယနေ့ ညနေပိုင်း စတင်ခဲ့ရာ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့က စတင် ရှင်းလင်း ဖြေကြားခဲ့ကြသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက “နယ်စပ်ရေးရာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို အဓိကအားဖြင့် နယ်စပ်မျဉ်းနဲ့ ထိစပ်နေတဲ့ ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး နှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းခြောက်ခုတို့မှ မြို့နယ်ပေါင်း ၁၆၇ မြို့နယ်၊ ကျေးရွာပေါင်း သုံးသောင်းကျော်တို့မှာ ဆောင်ရွက် ခဲ့ပါတယ်” ဟု ရှင်းလင်း တင်ပြခဲ့သည်။
ထိုဒေသများ၌ အစိုးရ၏ တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာမြေလမ်း ၆၀၈ မိုင်၊ ကျောက်လမ်း ၃၁၉ မိုင်၊ ကတ္တရာလမ်း ၄၃ မိုင်၊ ကွန်ကရစ် ရေကျော် သုံးစင်း၊ မြေထိန်း နံရံ ၁၉ ခု၊ လမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း ၁၅ မိုင်၊ တံတား၊ ကြီး ၊ လတ်၊ ငယ် — စုစုပေါင်း ၁၉၁ စင်း၊ Box Culvert ၁၈၃ စင်း၊ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း၊ မူလတန်းကျောင်း ၂၂ ကျောင်း၊ အလယ်တန်း ကျောင်း ငါးကျောင်း၊ အထက်တန်း နှစ်ကျောင်း၊ ဆေးရုံ တစ်ရုံ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ သုံးခု၊ ဆည် သုံးဆည်၊ စိုက်ပျိုးရေ သွယ်ယူခြင်း သုံးမိုင်၊ သောက်သုံးရေ ရရှိရေး လုပ်ငန်း ၃၀ ခု၊ ကျေးရွာ အရောက် စိမ့်စမ်းရေ သွယ်ယူခြင်း ၉၉ မိုင်၊ အဝီစိတွင်း ၃၀ တွင်း၊ မြေသားရေကန် ၁၃၈ ကန်၊ အုတ်ရေကန် ၈၄ ကန်၊ အုတ်စီရေတွင်း သုံးတွင်း၊ ရေတံလျှောက်နှင့် ဖိုင်ဘာ ရေတိုင်ကီ ၇၀၀ လုံး၊ ရေအားလျှပ်စစ်လုပ်ငန်း ရှစ်ခု၊ လျှပ်စစ်မီး သွယ်တန်းခြင်း ၃၁ မိုင်၊ ဆိုလာ မီးလင်းရေး ၁၇၃၅ စုံ၊ ထရန်စဖော်မာ နှစ်လုံး၊ တန်ဖိုးနည်း အိမ်ယာ ဆောက်လုပ်ရေး ၃၃၁ လုံး၊ ဝန်ထမ်း အိမ်ယာ ၁၄ လုံး တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
“အထူးသဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ၁၂ ရက် ၁၃ ရက်ကြာ လမ်းလျှောက်ရတဲ့၊ ဒေသခံ တွေက အိပ်မက်လမ်းလို့တင်စား ခေါ်ကြတဲ့ ၆၅ မိုင် လေးဖာလုံ ရှိတဲ့ မဂ္ဂေဇ – ခေါင်လန်ဖူး လမ်းကို ရာသီမရွေး သွာလာလို့ ရတဲ့ လမ်းအဖြစ် စတင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟုလည်း ဒုတိယ အမြဲတမ်း အတွင်းဝန်က ပြောကြားခဲ့သည်။
ကျောက်ဆောင်များအား မိုင်းခွဲ ဖောက်လုပ်ရသော အဆိုပါ လမ်းအတွက် ရာသီဥုတု ကန့်သတ်ချက်၊ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ချက် အခက်အခဲများာကားမှ တပ်မတော်နှင့် ရဝမ်ဌာနေ ပြည်သူ့ စစ်တို့၏ ပူးပေါင်းကူညီမှု၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မဂ္ဂေဇ – ဆန်းလွတ်ချက် တောင်ထိပ် ၃၃မိုင် ခြောက်ဖာလုံ လမ်းပိုင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်ရောက်ဖွင့် လှစ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ ဒေသတွင်း လူမှု စီးပွား ဖွံ့ဖြိုး တိုးတက် ခြင်းနှင့် သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပန်းနန်ဒင် – ငါဝါ – ဂဝိုင် – ဒုံဇုံ – တဆူထု – တလာထု – ခရောင် – ဒဟွမ်ဒမ်း လမ်းကို ယခု ဘဏ္ဍာနှစ်မှ စတင်က မြေသားလမ်း ဖောက်လုပ်လျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် စက်မှု လက်မှု ပညာသင်တန်းကျောင်း ကိုးကျောင်း ဖွင့်လှစ်ထားရှိရာတတိယ နှစ် တစ်နှစ်တာ ကာလ အတွင်း သင်တန်းသား ၇၁၁ ဦးတို့ကို လေ့ကျင့် မွေးထုတ်နိုင်ခဲ့ကြောင်း၊ အိမ်တွင်းမှု သင်တန်း ကျောင်း ၄၅ ကျောင်းမှ သင်တန်းသူ ၆၀၁၀ ဦးတို့ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ တတိယ နှစ် တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက “တစ်နှစ်တာအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲနိုင်မှု အခြေအနေက ဓာတ်အားစနစ်ဖြင့် မြို့ ကိုးမြို့၊ ကျေးရွာ ၂၄၄၀ ရွာ၊ အိမ်ထောင်စု ၅၁၉၆၆၃၊ တိုးတက် သုံးစွဲနိုင်မှု ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၇ရာခိုင်နှုန်း ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အတူ တစ်နှစ်တာအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ဓာတ်အားပေးစက်ရုံ ခြောက်ရုံရှိခဲ့ရာ ရာဇဂြိုဟ် နှင့် အထက် နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ တစ်ရုံစီ၊ မြင်းခြံ (Sembcorp)၊ ကျောက် ဆည် (Powergen)၊ မြင်းခြံ (V Power) အသစ်၊ သထုံ(သဘာ၀ ဓာတ်ငွေ့) တို့တွင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံစီ စုစုပေါင်း ခြောက်ရုံ တည်ဆောက်ခဲ့ကြောင်း၊ အားလုံးအတွက် တပ်ဆင် အင်အားမှာ မဂ္ဂါဝပ် ၅၈၅ဒသမ ၂ ရှိကြောင်း ၎င်းက ပြောခဲ့သည်။
မြန်မာ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကမ်းလွန် စီမံကိန်း များ၏ တစ်နှစ်တာ ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း ၎င်းက “ရတနာက သဘာ၀ ဓာတ်ငွေ့ကုဗပေ သန်မး ၂၉၃၁၁၇ ဒသမ ၉၆၊ ရဲတံခွန်က လေဆီ(ရေနံ) အမေရိကန်ဆီ ၁၀၂၁၀၅၂ စည်၊ သဘာ၀ ဓာတ်ငွေ့ ကုဗပေ သန်း ၅၄၂၇၄ ဒသမ ၆၈၊ ရွှေက သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၄၃၅၅၉ ဒသမ ၅၅၊ ဇောတိက က သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၁၃၈၆၆ဒသမ ၄၈၊ စုစုပေါင်း- လေဆီ(ရေနံ) အမေရိကန်စည် ၁၀၂၁၀၅၂ စည်၊ သဘာ၀ ဓာတ်ငွေ့က ကုဗပေ သန်း ၆၀၄၈၁၈ ဒသမ ၆၇ သန်း ရှိခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့အတူ တတိယ တစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များ ရှာဖွေ ထုတ်လုပ်နိုင် မှုမှာ ကုန်းတွင်း ၂၃ တွင်း၊ ပူးပေါင်း ကုမ္ပဏီများမှ ၁၇ တွင်း– ပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်း စည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၀၁၉ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ကုမ္ပဏီများက ကမ်းလွန်ပိုင်းတွင် ၄၆ တွင်း တူးဖော်ခ ဲ့ပြီး ရေနံ(လေဆီ) ၁ ဒသမ ၀၂ သန်း၊ သဘာ၀ ဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင် ခဲ့ကြောင်း၊ မြန်မာ့ ရေနံနနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန် စုစုပေါင်း ရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာ၀ ဓာတ်ငွေ့ ကုဗပေ ၆၂၃၈၃၈ သန်း ထုတ်လုပ်နိုင်ခဲ့ ကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် စက်သုံးဆီ အရောင်းဆိုင် ၂၄၇ ဆိုင်နှင့် ရေယာဉ် သုံးစင်းတို့ အား စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များ ထုတ်ပေးနိုင်ခဲ့သဖြင့် ၂၀၁၉ မတ်လ ၃၁ ရက်နေ့ အထိ စက်သုံးဆီ အရောင်းဆိုင် ၂၄၇၄ ဆိုင်၊သိုလှောင်ကန် စခန်း ရှစ်ခု၊ ရေယာဉ် ၂၃ စင်းနှင့် လေဆိပ် ၁၃ ခုတို့သို့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ဆိုင်များသို့ ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်တွင် ၂၆ ကြိမ် ဝင်ရောက် စစ်ဆေးခဲ့ရာ အရောင်းဆိုင် ၇၈ ဆိုင်အား စစ်ဆေးနိုင်ခဲ့ပြီး အရည်အသွေး၊ အခြင်အတွယ် ကိုက်ညီမှု မရှိသည့် ဆိုင် ၂၀ အား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ပုဂ္ဂလိက ကုမ္ပဏီများအား ပြည်ပမှ စက်ဆီ ချောဆီ Brand Name အသစ် တင်သွင်းဖြန့်ဖြူးခွင့် ပေးလျက်ရှိရာ ၂၀၁၈ ဧပြီမှ ၂၀၁၉ မတ်လကုန်အထိ ကုမ္ပဏီ ၃၂ ခုမှ brand ၃၄ ခုအားခွင့်ပြုထုတ်ပေးခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)