Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်က ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

” တစ်ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်၊ ခု ဆေးရုံမှာပါ ဒဏ်ရာရတဲ့သူတွေက၊ သူတို့လေးယောက်ထဲ အလုပ်လုပ်နေချိန်ဖြစ်သွားတာပါ” ဟု အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိစစ်ဆေးနေသော ကလေးမြို့နယ် စခန်းကြီးရကစမှူး ဒုရဲအုပ် သန်းဇော်ထိုက်က ဆင်ဟွာသို့ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်သွားသော ကျောက်မီးသွေးတွင်းသည် ကလေးမြို့ ပလူဇဝဒေသရှိ ထူးဟန်သစ်ကျောက်မီးသွေးကုမ္ပဏီနေရာဖြစ်ပြီး ကျောက်မီးသွေးအတွင်း မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ဦးသည် ခန္ဓာကိုယ်အနှံ့မီးလောင်ဒဏ်ရာများရရှိကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း ၊ လက်ရှိတွင် ဒဏ်ရာရရှိသူများကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်နေကြောင်း သိရသည်။(Xinhua)