Connect with us

Politics, Law & Military

စာချုပ်စည်းကမ်း ပျက်ကွက်သော ဆောက်လုပ်ရေး ကုမ္ပဏီများကို Black list လုပ်မည်

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်း ဖြေကြားနေစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် တင်ဒါအောင် ကုမ္ပဏီများက စာချုပ်ပါစည်းကမ်း အတိုင်း ဆောင်ရွက်ခြင်း မရှိလျှင် ထိုကုမ္ပဏီအား နာမည်ပျက်စာရင်း (black list) သွင်းပြီး အရေးယူမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဖြေကြားခဲ့သည်။

“အဲဒီ စည်းကမ်းပျက် ကုမ္ပဏီကို ကျွန်တော်တို့ဝန်ကြီးဌာန web site မှာ နာမည်ပျက်စာရင်း(black list) သွင်းပြီး ကြေညာထားလိုက်ပါမယ်၊ ဒါဆိုရင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ တင်ဒါ လုပ်ငန်းတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး” ဟု မင်းတပ် မဲဆန္ဒယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်၏ မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

မင်းတပ် မဲဆန္ဒယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင် မေးမြန်းနေစဉ်။

ဆောက်လုပ်ရေး တင်ဒါအောင် ကုမ္ပဏီများ၏ လုပ်ငန်း စာချုပ်များမှာ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်း အပ်နှံပြီး အာမခံကာလ တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စသဖြင့် အမျိုးမျိုး ရှိကြပြီး အာမခံ ကာလ အတွင်း လုပ်ငန်းများ ပျက်စီးခဲ့လျှင်၊ သို့မဟုတ် စာချုပ်ပါ စည်းကမ်းနှင့်အညီ လုပ်ငန်း ဆောင်ရွက်မှု ပျက်ပြားခဲ့လျှင် ကုမ္ပဏီက ပေးသွင်းထားသည့် လုပ်ငန်း တန်ဖိုး၏ ငါးရာခိုင်နှုန်း (performance guarantee)  ကို နိုင်ငံ့ ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်း၊ သဘာ၀ ဘေးဒဏ်မှအပ ခိုင်လုံသော အကြောင်းရင်း မရှိဘဲ အာမခံ ကာလအတွင်း ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ပါက လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီက ၎င်း၏ အစီ အစဉ်ဖြင့် ပြန်လည် ပြုပြင်ပေးရခြင်း၊ စာချုပ်ပါစည်းကမ်းများအား လိုက်နာမှု မရှိပါက စာချုပ်ရပ်စဲခြင်း၊ နာမည်ပျက်စာရင်း  သွင်းခြင်းတို့ကို နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် နှင့် အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖွဲ့စည်းထားသည့် တင်ဒါကော်မတီများက တာဝန်ယူ ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း၊ အာမခံ ကာလ သက်တမ်း ကျော်လွန်ပြီးမှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုများအတွက် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်း ပြင်ဆင် ထိန်းသိမ်းရေး  ရန်ပုံငွေ များဖြင့် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည် စိစစ်၍ ဆောင်ရွက်လျက် ရှိကြောင်း၊ လမ်းပိုင်းများ ပျက်စီးချိန်မှာ မိုးတွင်းကာလ ဖြစ်သောကြောင့် ထိုကာလ ကျော်လွန်မှသာ ပြင်ဆင် ထိန်းသိမ်းရေး စရိတ်များ ချထား ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။(Xinhua)