Connect with us

Politics, Law & Military

တရုတ် အထူးသံတမန် နေပြည်တော် NRPC တွင် ဒေါ်လာ လေးသိန်း လှူဒါန်း

လှူဒါန်းပွဲမစမီ အထူး သံတမန် Mr. Sun Guoxiang အား NRPC ဒုတိယ ဥက္ကဋ္ဌ လက်ခံတွေ့ဆုံစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang နှင့် အဖွဲ့သည် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC:_ National Reconciliation and Peace Centre) တွင်  ယနေ့ နံနက် ၁၁ း ၀၀ နာရီ၌ NRPC ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေနှင့် တွေ့ဆုံပြီး NRPC အတွက် အမေရိကန်ဒေါ်လာ လေးသိန်း ပေးအပ်လှူဒါန်းခဲ့သည်။

NRPC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “အခုလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အထူးကိုယ်စား လှယ်နဲ့ အဖွဲ့က လာရောက် ကူညီပေးခြင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်၊ တရုတ် – မြန်မာ နှစ်နိုင်ငံရဲ့ အစဉ်အလာ ကြီးမားလှတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဟာ အခုလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အစဉ်တစိုက် ပံ့ပိုးကူညီနေမှုကြောင့် တည်တံ့ ခိုင်မာလျက်ရှိပါတယ်၊ ရေရှည်မှာ နှစ်နိုင်ငံ ဘုံ အကျိုးစီးပွား အတွက် ဆက်လက်ကူညီ ပံ့ပိုးလိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

NRPC ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေ နှုတ်ခွန်းဆက်စကား ပြောကြားစဉ်။(ဆင်ဟွာ)

အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang  ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)

အထူး သံတမန် Mr. Sun Guoxiang က NRPC ဒုတိယ ဥက္ကဋ္ဌထံ အလှူငွေ ပေးအပ်စဥ၊်(ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင် ကျေးဇူးတင်စကား ပြောကြားစဉ်။(ဆင်ဟွာ)

ငွေလှူဒါန်းပွဲအခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယခုကဲ့သို့ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang က “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရ ကိုယ်စား မြန်မာနိုင်ငံ NRPC ကို စတုတ္ထ အကြိမ်မြောက် ကူညီထောက်ပံ့ငွေ လှူဒါန်းတာ ဖြစ်ပါတယ်၊ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို မူတည်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစဉ်တစိုက် တတ်နိုင်သလောက် ကူညီပေးခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများကို ထာဝရ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိစေလိုတဲ့ ဆန္ဒလည်း ရှိပါတယ်၊ တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်မှု ရရှိနေတာကို သိရလို့ ဝမ်းမြောက်မိ ပါတယ်၊ မြန်မာနိုင်ငံကို ငွေကြေးကူညီတဲ့ ပမာဏ မကြီးမားလှပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က ပြတ်ပြတ်သားသား ပေါ်လစီချမှတ်ပြီး ကူညီသွားပါမယ်၊ ရေရှည် အနာဂတ် မှာပါ နည်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီ ထောက်ပံ့ပေးသွားပါမယ်၊ မြန်မာမိတ်ဆွေများဘက်က လိုအပ်ချက်တွေ ရှိခဲ့ရင် ပြောပါ၊ မြန်နိုင်သလောက် အမြန်ဆုံး ကူညီ ပေးပါမယ်လို့ တရုတ်နိုင်ငံ ဗဟိုအစိုးရ ကိုယ်စား ကျွန်တော် ပြောချင်ပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ အတွက် ယုံကြည်နိုင်တဲ့ အားကိုးနိုင်တဲ့ မိတ်ဆွေ တစ်ဦး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။

ထိုသို့ပြောကြားအပြီးတွင် အထူး သံတမန်က NRPC ဒုတိယ ဥက္ကဋ္ဌထံ အမေရိကန် ဒေါ်လာ လေးသိန်း ပေးအပ် လှူဒါန်းခဲ့ပြီး NRPC ဒုတိယ ဥက္ကဋ္ဌက အထူး သံတမန်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ငွေလှူဒါန်းပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang နှင့် အဖွဲ့ဝင် လေးဦး၊ မြန်မာနိုင်ငံဘက်မှ NRPC ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်က ကျေးဇူး တင် စကား ပြောကြားအပြီးတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။(Xinhua)