Connect with us

Politics, Law & Military

ကျေးလက် ဖွံ့ဖြိုးရေး၌ ပုဂ္ဂလိက ကဏ္ဍ ပါဝင်လာရန် စည်းရုံး လုပ်ဆောင်ရမည် ဟုဒုသမ္မတပြော

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ အဖွင့် အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ကျေးလက် ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး နယ်ပယ်တွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်လာအောင် ဆွဲဆောင် စည်းရုံး လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ယနေ့ ပြောကြားခဲ့သည်။

“အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်း၊ ပုဂ္ဂလိက၊ ကျေးလက် လူ့အဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်း ဆောင်ရွက်ကြပြီး အတွေ့အကြုံတွေကို အပြန်အလှန် မျှဝေလာနိုင်တာနဲ့အမျှ အာဆီယံ ဒေသမှာ ရှိတဲ့ ကျေးလက် ပြည်သူတွေရဲ့ လူမှုဘဝက မြင့်သထက် မြင့်လာမှာ အသေအချာပဲ ဖြစ်ပါတယ်” ဟုလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အမှာစကားပြောကြားစဉ်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဒုတိယ အတွင်းရေးမှူးချုပ် Mr. Kung Phoak  အမှာစကား ပြောကြားစဉ်။

မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးကြစဉ်။

ပြခန်းများ လေ့လာကြည့်ရှုကြစဉ်။

နေပြည်တော် Horizon Lake View Resort Hotel ၌ ကျင်းပသော (၁၁)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၏ ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

ဒုတိယ သမ္မတက လူနေမှု ဘဝမြင့်မားသော အာဆီယံ အသိုက်အဝန်း ထူထောင်ရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသာမက ဆွေးနွေးဖက် သုံးနိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံ တို့ကလည်း ပါဝင် ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ဒုတိယ အတွင်းရေးမှူးချုပ် Mr. Kung Phoak  တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး အာဆီယံနိုင်ငံများက ခင်းကျင်း ပြသထားသော ပြခန်း များကို လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဝန်ကြီးများ အဆင့် အစည်းအဝေးဖွင့်ပွဲ မကျင်းပမီ အဆင့်မြင့် အရာရှိကြီးများ၏ ဆက်စပ် အစည်းအဝေးများ၊ ဖိုရမ်များနှင့် လေ့လာရေး ခရီးစဉ်တို့ကို နိုဝင်ဘာ ၄ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။(Xinhua)