Connect with us

WORLD

အမေရိကန် တွင် စက်တင်ဘာ လဆန်းပိုင်း ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သိန်း အထိ ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း အမေရိကန် သက်ဆိုင်ရာ ဌာန ထုတ်ပြန်

အမေရိကန် နိုင်ငံ ရှိ ဥယျာဉ် တစ်ခု ၌ ယာယီ COVID-19 စစ်ဆေးရေး စခန်း တွင် ရောဂါ စစ်ဆေးရန် စောင့်ဆိုင်းနေသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်မှု စင်တာ ၏ လတ်တလောရက်ပိုင်း ထုတ်ပြန်ကြေညာ ခဲ့သည့် ကြိုတင်ခန့်မှန်းချက် စာရင်း အရ စက်တင်ဘာ ၅ ရက် သို့ ရောက်ရှိချိန် တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ တစ်သိန်းရှစ်သောင်း မှ နှစ်သိန်း အထိ ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ကြိုတင်ခန့်မှန်းချက် အရ သြဂုတ် ၃၀ ရက် မှ စက်တင်ဘာ ၅ ရက် အထိ တစ်ပတ် အတွင်း အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၄,၂၀၀ မှ ၁၀,၆၀၀ အထိ တိုးမြင့်လာနိုင်ဖွယ် ရှိကြောင်း ၊ ပြည်နယ် နှင့် ဒေသအလိုက် ကြိုတင်ခန့်မှန်းချက် ရလဒ် တွင် လာမည့် ၄ ပတ်တာ ကာလ အတွင်း ကော်လိုရာဒို ပြည်နယ် တွင် တစ်ပတ်အတွင်း သေဆုံးသူ ဦးရေ မြင့်တက်လာနိုင်ဖွယ် ရှိပြီး အရီဇိုးနား ပြည်နယ် ၊ ဗားမောင့် ပြည်နယ် ၊ ဝယ်မင် ပြည်နယ် နှင့် မြောက်မာရီယာနာကျွန်း စသည့် ဒေသ များ တွင် တစ်ပတ်အတွင်း COVID-19 ရောဂါ ကြောင့် သေဆုံးသူ ဦးရေ က ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းမှု ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အဖွဲ့ ၏ အရေးပါသည့် အဖွဲ့ဝင် ဖြစ်သော Anthony Fauci က သြဂုတ် ၁၃ ရက် ၌ သတင်းမီဒီယာ များနှင့် တွေ့ဆုံရာတွင် အမေရိကန် နိုင်ငံ အနေဖြင့် COVID-19 ရောဂါ ပျံ့ပွားမှု ထိန်းချုပ်ရေး အား တိုးချဲ့ဆောင်ရွက်မှု မပြုလုပ်ဘဲ အသိုင်းအဝိုင်း တစ်ခုလုံး ကိုယ်ခံစွမ်းအား ထွက်ပေါ် စေသည့် နည်းလမ်း ကို ဆောင်ရွက်ပါက သေဆုံးမည့် လူဦးရေ က လွန်စွာ ထိတ်လန့်ဖွယ်ကောင်းကြောင်း ၊ လူတိုင်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရပါ က လူပေါင်းများစွာ သေဆုံး နိုင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု အသင်း နှင့် အမျိုးသား လူနေမှုဘဝ ကူညီမှု စင်တာ တို့ လတ်တလောရက်ပိုင်း အတွင်း ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ရပ်ကွက်အတွင်း ရောဂါ ပြန့်ပွားမှု အခြေအနေ ဆိုးရွားလာသောကြောင့် လတ်တလော ကာလ အတွင်း အမေရိကန် နိုင်ငံ ရှိ ဘိုးဘွားရိပ်သာ များ တွင် ရောဂါ ကူးစက်ခံရသူ လျင်မြန်စွာ တိုးမြင့်လာ ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ တစ်နိုင်ငံလုံးရှိ ဘိုးဘွာရိပ်သာများ တွင် COVID-19 ရောဂါ ကူးစက်ခံရမှု က ဇွန်လပိုင်း တွင် သိသာစွာ ကျဆင်းခဲ့ပြီး ဇူလိုင်လတွင် များစွာ ပြန်လည် မြင့်တက်လာကာ ဇူလိုင် ၁၃ ရက် မှ ၁၉ ရက် အထိ တစ်ပတ် အတွင်း လူပေါင်း ၈,၆၂၈ ဦး COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရကြောင်း သိရှိရသည်။

သြဂုတ်လ ၁၄ ရက် အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ညပိုင်း အချိန် ထိ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၅.၃ သန်းကျော် အထိ ရောက်ရှိခဲ့ပြီး ၁၆၈,၀၀၀ ဦးကျော် သေဆုံးခဲ့ကြောင်း အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။  (Xinhua)