Connect with us

North America

အလက်စကာတွင် ပြင်းအား ၇.၅ အဆင့်ရှိငလျင်လှုပ်ခတ် ၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ထား

အမေရိကန်နိုင်ငံ အလက်စကာရှိ တောင်တန်းများနှင့်ရေခဲမြစ်များ မြင်ကွင်းကို ၂၀၁၂ ခုနှစ် ဩဂုတ် ၁၁ ရက်က ရိုက်ကူးထားစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ အမေရိကန်နိုင်ငံ အလက်စကာကျွန်းဆွယ်ကမ်းလွန်တွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အလက်စကာကမ်းရိုးတမ်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်တွင် အလက်စကာရှိ Sand Point ကျွန်း၏ အရှေ့တောင်ဘက် ၉၁ ကီလိုမီတာအကွာ ၊ မြေအောက်အနက် ၄၀ ဒသမ ၁ ကီလိုမီတာ ၌ ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ယင်း ငလျင်ကြောင့်အလက်စကာ ကမ်းရိုးတမ်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရကြောင်း အမေရိကန်နိုင်ငံ ဆူနာမီသတိပေးမှုစင်တာက ဆိုသည်။
ယင်းဆူနာမီသတိပေးချက်ကို Homer ၏ အနောက်တောင်ဘက် မိုင် ၄၀ ၊ ကနေဒီဝင်ပေါက်(Kennedy Entrance) မှ အန်အလက်စကာ(Unalaska) ၏ အရှေ့မြောက်ဘက် မိုင် ၈၀ ၊ Unimak Pass အထိ အကြုံးဝင်ကြောင်း သိရသည်။

ဆူနာမီလှိုင်းဆိုက်ရောက်ချိန်ကို Sand Point ကျွန်းအတွက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၅ မိနစ် ၊ Cold Bay သို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် နှင့် Kodiak သို့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ် ဟူ၍ အသီးသီးခန့်မှန်းထားကြောင်း အမျိုးသားမိုးလေဝသဌာန၏ ပြောကြားချက်အရ သိရသည်။

ငလျင်လှုပ်ခတ်မှုကို အလက်စကာကျွန်းဆွယ်နေပြည်သူများ သိရှိခံစားခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိကြောင်း King Cove မြို့တော်အုပ်ချုပ်ရေးမှူး Gary Hennigh ၏ ပြောကြားချက်ကို ကိုးကား၍ Anchorage နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။“ဆူနာမီသတိပေးချက်နဲ့ပတ်သက်လို့ ပိုပြီး သိရှိရမယ့်အချိန်ထိ ဒေသခံတွေနဲ့ ဆီသွတ်ဗူးစက်ရုံအလုပ်သမားတွေကို ကုန်မြင့်ပိုင်းတွေဆီ ပြောင်းရွှေ့ပေးနေပါတယ် ” ဟု Hennigh က ဆိုသည်။ငလျင်ကြောင့် လက်ရှိအချိန်ထိ ထိခိုက်ပျက်စီးမှု သို့ မဟုတ် ဒဏ်ရာရရှိမှု တစ်စုံတစ်ရာသတင်းပေးပို့ချက် မရှိသေးကြောင်း သိရသည်။(Xinhua)