Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဟောင်ကောင်တွင် ဆိုးဝါးသောအပြုအမူကျူးလွန်ခဲ့သည့် အမေရိကန်နှင့်ဆက်နွယ်မှုရှိသူ လေးဦးအား ဒဏ်ခတ်အရေးယူ

တရုတ်နိုင်ငံပေကျင်းမြို့ရှိ ထျန်အန်းမင်ရင်ပြင်တွင် တရုတ်နိုင်ငံတော်အလံလွှင့်ထူထားသည်ကို မေ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်စပ်၍ စည်းကမ်းချိုးဖောက်ကာ ဆိုးဝါးသော အပြုအမူများ ကျူးလွန်ခဲ့သည့် အမေရိကန်နှင့်ပတ်သက်ဆက်နွယ်မှုရှိသူ လေးဦးအား ဒဏ်ခတ်အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်းရင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တရုတ်နိုင်ငံဗဟိုအစိုးရနှင့်ဟောင်ကောင်အစိုးရမှ တရုတ်အရာရှိကြီး လေးဦးအား နိုဝင်ဘာ ၉ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ အမေရိကန်နှင့်ဆက်နွယ်မှုရှိသူ လေးဦးအား ပြန်လည် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် အဆိုပါ လူပုဂ္ဂိုလ် ၄ ဦးအပေါ် တစ်ဦးချင်းစီအလိုက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ၎င်းတို့မှာ National Endowment for Democracy (NED) မှ အာရှဆိုင်ရာညွှန်ကြားရေးမှူး John Knaus ၊ National Democratic Institute (NDI)မှ အာရှ-ပစိဖိတ်အစီအစဉ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Manpreet Anand ၊ NDI မှ Crystal Rosario နှင့် ဟောင်ကောင်ရှိ NDI စီမံကိန်းမန်နေဂျာ Kelvin Sit တို့ဖြစ်ကြောင်း ဟွာ၏ ပြောကြားချက်အရ သိရသည်။
ဟွာက နိုင်ငံတကာဥပဒေအခြေခံစည်းမျဉ်းစည်းကမ်းများ နှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ကျော်လွန်ပြီး တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း နှင့် ဟောင်ကောင်အရေးကိစ္စရပ်များတွင် ပြောင်ပြောင်တင်းတင်းဝင်ရောက် ခြေရှုပ်ခြင်း လုပ်ဆောင်နေသည့် အမေရိကန်၏ လုပ်ရပ်များအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ ဘယ်လိုမှ ခွဲထုတ်လို့မရတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တာကို လေးလေးနက်နက်ပြောချင်ပါတယ်။ ဟောင်ကောင်အရေးဟာ တရုတ်နိုင်ငံရဲ့ လုံးဝ ပြည်တွင်းရေးသက်သက်သာဖြစ်ပါတယ် ၊ အမေရိကန်အနေနဲ့ဟောင်ကောင်အရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို ချက်ချင်းရပ်တံ့ရပါမယ် ၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စရပ်တွေမှာ ဆက်ပြီး ဝင်ရောက်စွက်ဖက်မှု မလုပ်သင့်သလို မှားယွင်းတဲ့ ပုံစံနဲ့ အကြာကြီး ဆက်မသွားသင့်ပါဘူး” ဟု ဟွာက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.