Connect with us

Politics, Law & Military

တရုတ်-အာဆီယံ အေးအတူ၊ ပူအမျှ အသိုက်အဝန်း ပိုမိုနီးကပ်စွာ တည်ဆောက်ရန် သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွက် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု ပိုမိုနီးကပ်စွာတည်ဆောက်ရန် နိုဝင်ဘာ ၂၇ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတ ရှီသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ကျင်းပသော ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားသော မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမနှင့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခုအတွက် အဆိုပြုချက်တစ်ရပ်ကို ကြေညာခဲ့ပြီး ၇ နှစ်အကြာတွင် “တရုတ်-အာဆီယံ ဆက်ဆံရေးမှာ အာရှ-ပစိဖိတ်တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အောင်မြင်၍ တက်ကြွမှုအရှိဆုံး ပုံစံနှင့် လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး၌ စံနမူနာ ကြိုးပမ်းအားထုတ်မှုအဖြစ် တိုးတက်လျက်ရှိပါတယ်” ဟု သမ္မတ ရှီက ပြောကြားခဲ့သည်။

ယခုနှစ်သည် COVID-19 ၏ ရုတ်တရက် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု ကြုံတွေ့ခဲ့ရချိန်တွင် တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် တစ်ဦးနှင့်တစ်ဦး ကူညီခဲ့ကြပြီး စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ကြသည်။

ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မမြင်တွေ့ဖူးသော အရေးပါသော ပြောင်းလဲမှုများ ကြုံတွေ့နေရသဖြင့် “မတူညီတဲ့ နိုင်ငံတွေက ပြည်သူများ၏ ကံကြမ္မာများသည် ယခင်ကထက် ပိုမိုနီးကပ်စွာ ချိတ်ဆက်လာပါတယ်” ဟု ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံက အာဆီယံအား အိမ်နီးချင်း သံတမန်ဆက်ဆံရေးတွင် ဦးစားပေးအဖြစ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကဒေသတစ်ခုအဖြစ် ဆက်လက်မှတ်ယူထားပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှီက ဆိုသည်။

စီးပွားရေးနာလန်ထူရန်အတွက် ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှု

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်စိတ်ချမှု တိုးမြှင့်ရန်နှင့် ၎င်းတို့၏ ဖွံဖြိုးရေးအစီအစဉ်များကို ထပ်မံ၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှီက အကြံပြုခဲ့သည်။
လာမည့်နှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးညှိနှိုင်းမှုဆက်ဆံရေး နှစ်၃၀ ပြည့်မြောက်သော နှစ်ပတ်လည်ဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးအား ပိုမိုအဆင့်မြင့်သော ဆက်ဆံရေးအဖြစ်သို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်ဖက်စလုံးသည် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ဒေသတွင်း စီးပွားရေး ဆောလျင်စွာနှင့် အပြည့်အဝ ပြန်လည်နာလန်ထူမှု လွယ်ကူစေရန်လည်း ပံ့ပိုးပေးရန် လိုအပ်ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုကြောင်းနှင့် ယင်းသဘောတူညီချက် စောစီးစွာ အသက်ဝင်ရန်လည်း မျှော်လင့်ကြောင်း ရှီက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကုန်သွယ်ရေးစီးဆင်းမှု ချောမွေ့မှု ထိန်းသိမ်းရန်၊ နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်၊ တစ်ဘက်နှင့် တစ်ဘက် တံခါးဖွင့် ဈေးကွက် ပိုမိုကျယ်ပြန့်စွာဖွင့်လှစ်ရန်နှင့် စက်မှုလုပ်ငန်း၊ ကုန်စည်ထောက်ပံ့ရေးနှင့် တန်ဖိုးကွင်းဆက်များ နက်ရှိုင်းစွာ ပေါင်းစည်းမှု အားပေးမြှင့်တင်ရန် ဆောင်ရွက်သွားမည်ဟု ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ဒီဂျစ်တယ် စီးပွားရေး၊ COVID-19 တိုက်ဖျက်ရေး မြှင့်တင်ခြင်း
ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အလေးထားလျက် တရုတ်နိုင်ငံနှင့် အာဆီယံသည် စမတ်စီးတီး (smart city) ၊ 5G ၊ ဉာဏ်ရည်တု၊ e-commerce ၊ big data ၊ blockchain နှင့် telemedicine စသည့် နယ်ပယ်များ၌ စိတ်ဝင်စားဖွယ်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖန်တီးရန်နှင့် အချက်အလက်လုံခြုံရေးနှင့် မူဝါဒ ဆက်ဆံရေးနှင့် ညှိနှိုင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ ဒီဂျစ်တယ် ကွန်ရက်ချိတ်ဆက်မှု အဆင့်မြှင့်တင်ရန်နှင့် ဒီဂျစ်တယ် ပိုးလမ်းမတစ်ခု တည်ဆောက်ရန် တရုတ်-အာဆီယံ အချက်အလက်ဆိပ်ကမ်း (China-ASEAN Information Harbor) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် နှစ်ဘက်အနေဖြင့် COVID-19 တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန်၊ ပြည်သူ့ကျန်းမာရေးတွင် စွမ်းဆောင်ရည်တည်ဆောက်မှု အဆင့်မြှင့်တင်ရန်လည်း လိုအပ်ကြောင်း သမ္မတ ရှီ၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံသည် အာဆီယံနှင့် ပြည်သူ့ကျန်းမာရေး၊ သတင်းအချက်အလက် မျှဝေရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်မှု၊ ဖော်ထုတ်မှုနှင့် ဖြန့်ဝေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် မူဝါဒဆွေးနွေးညှိနှိုင်းမှု အဆင့်မြှင့်တင်ရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။
တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများ အသုံးပြုနိုင်သည့်အခါ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက်များကို တက်ကြွစွာစဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အာဆီယံ COVID-19 တုံ့ပြန်ရေးရန်ပုံငွေထံ ငွေကြေးထောက်ပံ့မှုပေးအပ်ခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် ကျန်းမာရေးကဏ္ဍရှိ စီမံအုပ်ချုပ်ရေးနှင့် အထူးပြုဝန်ထမ်း ၁,၀၀၀ ဦးကို လေ့ကျင့်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ဒေသတွင်း ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ သိုလှောင်ထားရှိနိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ဆက်ဆံရေးလုပ်ထုံးလုပ်နည်းတစ်ရပ် စတင်ဆောင်ရွက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် လာမည့်နှစ်တွင် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံတစ်ခု အပြည့်အဝတည်ဆောက်ရေးဆီသို့ ခရီးလမ်းအသစ် စတင်သွားမည်ဖြစ်ကြောင်းနှင့် တံခါးဖွင့်ဝါဒ ပိုမိုဆောင်ရွက်ရန် ကတိပေးထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ယင်းအခြေအနေမှ အားလုံး အကျိုးခံစားရမည်ဖြစ်ကြောင်းလည်း သမ္မတ ရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)