Connect with us

Local

ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Trade Centerများ တည်ဆောက်မည်

မြန်မာနိုင်ငံတွင်း ကုန်သွယ်ရေးစခန်းများရှိရာပြ မြေပုံ(ဓာတ်ပုံ-စီးပွားကူးသန်းဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့ကိုးမြို့၌ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Trade Center များ တည်ဆောက်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး၌ ထားဝယ်၊ မြိတ်၊ ပဲခူးတိုင်း ဒေသကြီး၌ ပြည်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ တမူးမြို့၊ ကရင်ပြည်နယ်၌ မြဝတီ၊ ဘားအံ၊ ရှမ်းပြည်နယ်၌ တောင်ကြီး၊ အောင်ပန်း၊ ချင်းပြည်နယ်၌ ဟားခါးမြို့တို့တွင် ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ အမျိုးသား ပို့ကုန် မြှင့်တင်ရေး မဟာဗျူဟာ၏ ဦးစားပေးကဏ္ဍ အဖြစ် ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့များ၌ Trade Center ၁ဝ ခုကို ဖွင့်လှစ်ထားပြီးဖြစ်သည်။

လက်ရှိ ဖွင့်လှစ်ထားသော Trade Center ၁ဝ ခုမှာ ရန်ကုန်မြို့၌ မြန်မာ ကုန်သွယ်မှု ဗဟိုဌာန၊ မန္တလေးမြို့၌ ရတနာပုံ ကုန်သွယ်မှု ဗဟိုဌာန၊ မကွေးမြို့၌ ဖန်ခါးမြေ ကုန်သွယ်မှု ဗဟိုဌာန၊ မြစ်ကြီးနားမြို့၌ မနောမြေ ကုန်သွယ်မှု ဗဟိုဌာန၊ မုံရွာမြို့၌ ဇေယျာ ကုန်သွယ်မှု ဗဟိုဌာန၊ လွိုင်ကော်မြို့၌ ကန္ဒာရဝတီ ကုန်သွယ်မှု ဗဟိုဌာန၊ ပုသိမ်မြို့၌ ဧရာ ကုန်သွယ်မှု ဗဟိုဌာန၊ မူဆယ်မြို့၌ မောဝ်ရွှေလီ ကုန်သွယ်မှု ဗဟိုဌာန၊ မော်လမြိုင်မြို့၌ ရာမည ကုန်သွယ်မှု ဗဟိုဌာန၊ စစ်တွေမြို့၌ သဇင်မြေ ကုန်သွယ်မှု ဗဟိုဌာနတို့ ဖြစ်သည်။

လတ်တလောတွင် ပြည်ပနိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ Myanmar Trade Center (Seoul) ဖွင့်လှစ်ထားပြီး အခြားနိုင်ငံများ၌လည်း ထပ်မံ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.