Education & Health
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူ သုံးသိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်က စာရင်းသွင်းသူ ဦးရေ အများဆုံးဖြစ်
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား/ကျောင်းသူ ဦးရေ ၃၁၂,၀၀၀ကျော်ရှိပြီး ရခိုင်ပြည်နယ်က စာရင်းသွင်းသူ ဦးရေအများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ယင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းမှု ကျောင်းသူ/ကျောင်းသား အများဆုံး ပြည်နယ်သည် ရခိုင်ပြည်နယ်ဖြစ်ပြီး စာရင်းသွင်းဦးရေ ၄၅,၅၉၂ ဦး၊ ဒုတိယအများဆုံးတိုင်းဒေသကြီးသည် ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး စာရင်းသွင်းဦးရေ ၄၀,၃၂၀ဦးနှင့် တတိယ အများဆုံးတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ စာရင်းသွင်းဦးရေ ၃၇,၅၆၀ဦး ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းမှု အနည်းဆုံးပြည်နယ်သည် ကယားပြည်နယ်ဖြစ်ပြီး စာရင်းသွင်းကျောင်းသူ/ကျောင်းသား ၇၈၀ဦးသာရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/စာစစ်ဌာနနှင့် ဖြေဆိုသူစာရင်းအရေအတွက်သည် ယခုနှစ် မတ်လ ၉ရက်ထိ ခရိုင်(၇၁)ခရိုင်၊ မြို့နယ် (၃၂၁)မြို့၊ စာစစ်ဌာန(၁၂၅၆)ဌာနတို့တွင် စာရင်းပေးသွင်းဦးရေ ကျောင်းတွင်းဖြေ ၂၀၀,၇၆၈ဦးနှင့် အလွတ်ဖြေဆိုမည့်သူ ၁၁၁,၅၃၁ ဦး စုစုပေါင်း ၃၁၂,၂၉၉ ဦးတို့ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ရက်မှ ဧပြီလ ၉ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)