Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ်က မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်

မုန်တိုင်းသွားသည့်လမ်းကြောင်း ပြ မိုးလေဝသဂြိုဟ်တုဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အီကွေ တာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၃ ရက်တွင်ပြောသည်။

အဆိုပါမုန်တိုင်းငယ်သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် (Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၂၀)မိုင်ခန့်၊ ပူဒူချယ်ရီမြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၄၈၀)မိုင် ခန့်နှင့် ချင်းနိုင်မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၅၂၀)မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

“မုန်တိုင်းရဲ့လက်ရှိအခြေအနေကတော့ မြန်မာနိုင်ငံ ဦးတည်ဝင်ရောက်မယ့်အခြေအနေ မရှိဘူး။ ဒါပေမယ့် မုန်တိုင်းရဲ့ အရှိန်ကြောင့် နေရာတချို့မှာ မိုးရွာသွန်းနိုင်တယ်’’ ဟု ဦးလှထွန်းကပြောသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၎င်းကဆိုသည်။   (Xinhua)