Connect with us

Eastern Europe

ဆီးရီးယားအား အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် ရုရှား နှင့် အီရန် နိုင်ငံများက ကန့်ကွက်

မော်စကို ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)

နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ ဆီးရီးယားနိုင်ငံအား အမေရိကန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်လုပ်ရပ်အပေါ် ရုရှားနိုင်ငံသမ္မတ နှင့် အီရန်နိုင်ငံသမ္မတ တို့နှစ်ဦးက တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုမှာ “ ရန်လိုသောအပြုအမူ” ဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ် အစောပိုင်းက ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခံရသော လုပ်ရပ်အပေါ် ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရုရှားသမ္မတဗလာတီမာပူတင် နှင့် အီရန်သမ္မတ ဟူဆန်ရိုဟီနီ(Hassan Rouhani) တို့က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း ရုရှားအစိုးရ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် နိုင်ငံရေးအရ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ကိုင်သွားရန် အလွန်အရေးကြီးကြောင်း နှင့် ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး သံတမန်နည်းလမ်းဖြင့် အဖြေရှာကြရန် သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို အတူတကွပူးပေါင်း၍ နက်ရှိုင်းစွာဆောင်ရွက်သွားကြရန်လည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံအစိုးရအား ထောက်ခံမှုပေးထားသည့် အီရန် နှင့် ရုရှားနိုင်ငံတို့အား ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ပိတ်ဆို့အရေးယူမှုများပြုလုပ်နိုင်ရန်အတွက် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ အစိုးရအဖွဲ့ဝင်များနှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် Nikki Haley က ဧပြီလ ၉ ရက်တွင် ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံကမူ ဓာတုလက်နက်များအသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များအပေါ် ငြင်းဆိုထားကြောင်း သိရသည်။(Xinhua)