Connect with us

Eastern Europe

ဆီးရီးယားအရေးနှင့်ပတ်သက်၍ ပူးပေါင်းလုပ်ကိုင်ကြရန် ရုရှား နှင့် အမေရိကန်တို့သဘောတူ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်(ဝဲ) နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov (ယာ) တို့ နှစ်ဦး လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား အငြင်းပွားမှုဖြစ်ပွားနေသော ကိစ္စရပ်များကို ဘေးဖယ်ထားပြီး နှစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်အတွက် ဆီးရီးယား ပဋိပက္ခအပေါ် ဆွေးနွေးမှုများဆက်လက်လုပ်ကိုင်သွားရန် နှင့် နိုင်ငံတကာအကြမ်းဖက်ဝါဒကို တိုက်ခိုက်ချေမှုန်းသွားရန် ဧပြီလ ၁၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်သည် ရုရှားနိုင်ငံသို့သွားရောက်လည်ပတ်နေသည့် ခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov တို့နှင့်အတူ ၂ နာရီကြာဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ရလဒ်ကောင်းများထွက်ပေါ်စေမည့် အခြေခံစည်းမျဉ်းများကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

“ နိုင်ငံတကာအရေးကိစ္စရပ်တွေရယ် ၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကကျတဲ့ ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ၏ ပြောကြားချက်အရ ဆီးရီးယား ၊ ယီမင် ၊ လစ်ဗျာ နှင့် အာဖဂန်နစ္စတန်နိုင်ငံများအပါအဝင် ဒေသတွင်းကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေးအဖြေရှာရန်အတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှင့် နိုင်ငံတကာအကြမ်းဖက်ဝါဒကိုတိုက်ဖျက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ ရုရှားနိုင်ငံဟာ မတူကွဲပြားတဲ့ နယ်ပယ်တွေမှာ အမေရိကန်နိုင်ငံနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့တံခါးဖွင့်ထားပါတယ်။ ဒါဟာဆွေးနွေးရုံသက်သက်မဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်သွားဖို့လည်း ပါဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ဆီးရီးယားပဋိပက္ခကို အဖြေရှာရန်အတွက် ရုရှား နှင့် အမေရိကန်နှစ်နိုင်ငံအကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်ကလည်း “ ကျနော်တို့နှစ်နိုင်ငံအကြားမှာ ယုံကြည်မှုအဆင့်နိုမ့်ကျနေပါတယ်။ ကမ္ဘာ့နျူကလီးယားပါဝါ အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ဒီလိုမျိုးဖြစ်မနေသင့်ပါဘူး” ဟု ပြောကြားခဲ့ပြီး ရုရှား နှင့် အမေရိကန် နှစ်နိုင်ငံအကြား နှစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် တွန်းအားပေးရန် နှင့် ပြဿနာရပ်များကို အဖြေရှာရန် လုပ်ငန်းအဖွဲ့ဖွဲ့စည်းရေးကို သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။(Xinhua)