Connect with us

Asia

ထိုင်းနိုင်ငံက RCEP ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) သို့ တက်ရောက်လာသူများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ဝန်ကြီးအဆင့် အစည်းအဝေးအား အောက်တိုဘာ ၁၂ ရက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။

၂၈ ကြိမ်မြောက် RCEP ကြိုတင်ညှိနှိုင်းသူများ အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်မှု ဆွေးနွေးညှိနှိုင်းရေးဌာနက ကြိုတင်ညှိနှိုင်းသူများ အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင်လည်းကောင်း၊ ၉ ကြိမ်မြောက် RCEP ဝန်ကြီးအဆင့်အစည်းအဝေးအား အောက်တိုဘာ ၁၂ ရက်တွင်လည်းကောင်း ထိုင်းနိုင်ငံ၌ ကျင်းပမည်ဟု ပြောခဲ့သည်။

“ဒါနန်းတွင် ပြုလုပ်ခဲ့သည့် ၂၈ ကြိမ်မြောက် အစည်းအဝေးမှာ ကျွန်မတို့ RCEP သဘောတူညီချက်မူကြမ်းရဲ့ အခန်းများစွာကို အကဲဖြတ်ပြီး စဉ်းစားခဲ့တယ်။ “ဒီတစ်ကြိမ်တော့ ဘန်ကောက်မှာလုပ်မှာဖြစ်ပါတယ်။ အခန်း ၂၀ ရဲ့ ကျန်ရှိနေတဲ့ ၇ ခန်းကို စဉ်းစားကြမှာပါ” ဟု ကုန်သွယ်မှု ဆွေးနွေးညှိနှိုင်းရေးဌာန ညွှန်ကြားရေးမှူးချုပ် အော်ရာမွန် ဆွပ်သာဝီသွမ် (Auramon Supthaweethum) က ပြောခဲ့သည်။

RCEP ဆွေးနွေးညှိနှိုင်းမှုများအား ၂၀၁၂ ခုနှစ်တွင် ကြေညာခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံ၊ အာဆီယံနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုထားသော အာရှ-ပစိဖိတ် နိုင်ငံ ခြောက်နိုင်ငံဖြစ်သည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် နိုင်ငံများ ပါဝင်ကြကြောင်း သိရသည်။ (Xinhua)