Connect with us

Asia

အာဆီယံနိုင်ငံဝန်ကြီးများက ဒေသတွင်းလေထုညစ်ညမ်းမှုပြဿနာကို အတူတကွဖြေရှင်းရန် ကတိပြု

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အမွှာမျှော်စင်အနီးတစ်ဝိုက်၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် လေထုညစ်ညမ်းမှုဖြစ်ပေါ်နေစဉ်(ဆင်ဟွာ)

ဆီယံရိဒ် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)မှ ဝန်ကြီးများသည် ဒေသတွင်းလေထုညစ်ညမ်းမှုပြဿနာကို အတူတကွလက်တွဲဖြေရှင်းရန် အောက်တိုဘာ ၉ ရက်တွင် ကတိပြုခဲ့ကြကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်မှုတစ်ခုအရ သိရသည်၊၊

သဘာဝပတ်ဝန်းကျင် နှင့် မြေယာ ၊ တောမီးလောင်ကျွမ်းမှုနှင့် လေထုညစ်ညမ်းမှု စသည့်ကဏ္ဍများနှင့်သက်ဆိုင်သော  အာဆီယံနိုင်ငံများမှ ဝန်ကြီးများသည် နိုင်ငံဖြတ်ကျော်လေထုညစ်ညမ်းမှုထိန်းချုပ်ရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ နှစ်ရက်တာ အစည်းအဝေးအပြီးအတွင် ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ အာဆီယံဒေသမြောက်ပိုင်းနဲ့တောင်ပိုင်းဆီက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နေရာအနှံ့အပြားမှာ မကြာသေးခင်က မီးခိုးငွေ့ဖုံးလွှမ်းမှုဒဏ်ကို ခံခဲ့ရပါတယ်။ အဲဒီလို မြေပြင်ပထဝီဝင်အနေအထားတစ်ခုလုံး မီးခိုးမြူတွေ ပြန့်နှံ့ဖုံးလွှမ်းခဲ့တဲ့အပေါ်ဝန်ကြီးတွေက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်”  ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “ ၎င်းတို့အနေနဲ့ အဲဒီလို လေထုညစ်ညမ်းမှုဒဏ်ကို ခံခဲ့ရတဲ့ ပြည်သူသန်းပေါင်းများစွာအတွက် စာနာထောက်ထားမိတဲ့အကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်”

အာဆီယံနိုင်ငံများအနေဖြင့် ခြောက်သွေ့ရာသီကာလအတွင်း နိုင်ငံဖြတ်ကျော် မီးခိုးမြူများဝင်ရောက်လာနိုင်ချေရှိသော မည်သည့်အခြေအနေမျိုးကိုမဆို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကာကွယ်တားဆီးသွားရန် အစီအစဉ်ချမှတ်ဆောင်ရွက်ခြင်းနှင့် အနီးကပ်စောင့်ကြည့်ခြင်းနှင့်သတိအနေအထားဖြင့်ဆက်လက်နေထိုင်ခြင်းများ ပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမတြားကျွန်းကမ်းလွန်၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ရက်တွင် လေထုညစ်ညမ်းမှုဖြစ်ပေါ်နေစဉ်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေစဉ်(ဆင်ဟွာ)

အာဆီယံအထူးမိုးလေဝသစင်တာအနေဖြင့် ရည်မှန်းချက်များချမှတ်၍ အားထုတ်ကြိုးပမ်းလျက်ရှိကြောင်းနှင့် အာဆီယံဒေသတွင်း မိုးလေဝသနှင့် ရာသီဉတုအခြေအနေကြိုတင်ခန့်မှန်းရာတွင် အားကိုးအားထားပြုနိုင်အောင် အထောက်အကူများပြုပေးနေကြောင်း နှင့် နိုင်ငံဖြတ်ကျော်မီးခိုးမြူများအတွက် ကြိုတင်သတိပေးချက်ထုတ်ပြန်၍ ကြပ်မတ်စောင့်ကြည့်ခြင်း ၊ အစီအမံများချမှတ်ခြင်း နှင့် ဆုံးဖြတ်ချက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၂၀၀၂ ခုနှစ် ဇွန်လတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မီးခိုးမြူများထိန်းချုပ်ရေးသဘောတူညီချက်(AATHP) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းသဘောတူညီချက်သည် တစ်နှစ်ကြာပြီးနောက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။

“ ဝန်ကြီးတွေက AATHP သဘောတူညီချက်အပေါ်ဘယ်လောက်လိုက်နာ အကောင်အထည်ဖော်ခဲ့ကြလဲဆိုတာကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ ဒါ့အပြင် AATHP သဘောတူညီချက်ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဖို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံအတွင်းကြိုးပမ်းအားထုတ်မှုဆိုင်ရာ ကတိကဝတ်တွေကိုလည်း ထပ်မံ အတည်ပြုခဲ့ကြပါတယ်။ နိုင်ငံဖြတ်ကျော်မီးခိုးမြူများ ထိန်းချုပ်ရေး အာဆီယံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံကိုချမှတ်ပြီး၂၀၂၀ ပြည့်နှစ်မှာ လေထုညစ်ညမ်းမှုကင်းစင်သော အာဆီယံဒေသဖြစ်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

“နောက်ဆုံးအဆင့်ပြန်လည်သုံးသပ်မှုကို လျင်လျင်မြန်မြန်လုပ်ဆောင်သွားဖို့လိုအပ်ကြောင်းနဲ့ လေထုညစ်ညမ်းမှုကင်းစင်သော ASEAN ဒေသတစ်ခုဖြစ်ရန် အားထုတ်ကြိုးပမ်းခြင်းနဲ့ အကောင်အထည်ဖော်ခြင်းအပေါ် အကဲဖြတ်ခြင်းပြုလုပ်ရန်ကိုလည်း ဝန်ကြီးတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။” ဟု ဆက်လက်ဖော်ပြထားသည်။

AATHP သဘောတူညီမှုအောက်တွင် နိုင်ငံဖြတ်ကျော်လေထုညစ်ညမ်းမှုအတွက် အာဆီယံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစင်တာ တည်ဆောက်ရေးနှင့် အပြည့်အဝလုပ်ငန်းဖော်ဆောင်နိုင်ရေး အာဆီယံနိုင်ငံခေါင်းဆောင်များ၏ ကတိကဝတ် နှင့် လမ်းညွှန်မှု များအပေါ်၎င်းတို့က ပြန်ပြောင်းဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စင်တာအနေဖြင့် အာဆီယံဒေသအတွင်း နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာပါက ပူးပေါင်းဖြေရှင်းရေး အကောင်အထည်ဖော်မှု မဟာဗျူဟာမြောက်မူဘောင်တစ်ခုကို  စီမံဆောင်ရွက်ပေးလိမ့်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှုတစ်ခု ဖြစ်ပွားလာချိန်တွင် နိုင်ငံတစ်ခုခုက အကယ်၍ အကူအညီ တောင်းခံလာပါက အရေးပေါ်အခြေအနေကို တုံ့ပြန်ဖြေရှင်းရန် မီးငြိှမ်းသတ်မှုနှင့်သက်ဆိုင်သည့် နည်းပညာအရင်းအမြစ်များကဲ့သို့သော ထောက်ပံ့ကူညီမှုများကို အမြန်ဆုံးထောက်ပံ့ကူညီပေးရေးကို  ဒေသတွင်းဝန်ကြီးအဆင့်အမြဲတမ်းကော်မတီက လုပ်ဆောင်သွားရန်ကိုလည်း ဝန်ကြီးများက မှတ်ချက်ပြု ဆွေးနွေးခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး Say Samal က လေထုညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးဆိုးရွားရွားသက်ရောက်မှုရှိကြောင်း နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာဝအရင်းအမြစ် နှင့် ဇီဝမျိုးကွဲများအပေါ် ခြိမ်းခြောက်နေကြောင်း ဆိုသည်။

“ ကျွန်တော်အပတ်တကုတ်ကြိုးပမ်းလုပ်ဆောင်နေလင့်ကစား လေထုညစ်ညမ်းမှုက ကျွန်တော်တို့ဒေသမှာ နှစ်စဉ် ဆက်လက်ဖြစ်ပေါ်နေပါတယ်” ဟု နိုင်ငံဖြတ်ကျော်လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအစည်းအဝေးတွင် ၎င်းက ဆိုသည်။

“ အားလုံးလက်တွဲပြီး လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ လုပ်စရာအလုပ်တွေအများကြီး ကျန်နေပါသေးတယ်။ နိုင်ငံဖြတ်ကျော်လေထုညစ်ညမ်းမှုရဲ့အကျိုးဆက်ကြောင့် သဘာဝပတ်ဝန်းကျင် ၊ စီးပွားရေးနဲ့လူမှုရေး ထိခိုက်လာမှာကို ကျွန်တော်တို့ခွင့်မပြုနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် အာဆီယံကို လေထုညစ်ညမ်းမှုကင်းစင်ရေး ဒေသဖြစ်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေသည့် ASEAN ၏ ဆောင်ရွက်မှုများမှာ နီးစပ်လာနေပြီဖြစ်ကြောင်း ၊ နိုင်ငံဖြတ်ကျော်မီးခိုးငွေ့များ ကြိုတင်ကာကွယ်ရေးတွင် စုပေါင်းအင်အားနှင့် တိုးတက်လုပ်ဆောင်သွားရန် နှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန် မဖြစ်မနေလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အာဆီယံဝန်ကြီးများသည် ရာသီတုဖောက်ပြန်ပြောင်းလဲခြင်းဆိုင်ရာ ASEAN ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခြင်း နှင့် ယခုနှစ်အတွင်း ASEAN အမွေအနှစ်ဉယျာဉ် ၅ ခု အတွက် ထိုင်း ၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံများအတွင်းရှိ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေ ၅ ခုကိုရွေးချယ်၍ အတည်ပြုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံများမှဝန်ကြီးများသည် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ် ၊ ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံများမှ ဝန်ကြီးများနှင့်အတူ ၁၆ ကြိမ်မြောက် အာဆီယံ+၃ သဘာဝပတ်ဝန်းကျင်ဝန်ကြီးများဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ၎င်းတို့နိုင်ငံများအကြားတွင် ဇီဝမျိုးကွဲထိန်းသိမ်းရေး ၊ ရာသီဉတုပြောင်းလဲရေး ၊ သဘာဝပတ်ဝန်းကျင်ပညာပေးရေး ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ နှင့်နည်းပညာ ၊ သဘာဝပတ်ဝန်းကျင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမြို့ပြများတည်ဆောက်ရေးနှင့် ပင်လယ်ရေအောက်စွန့်ပစ် ပလပ်စတစ်အမှိုက်အရေးများတွင် အနာဂတ်ကာလ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။

အာဆီယံအသင်းတွင် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။(Xinhua)