Connect with us

Media

ရုရှား သမ္မတ ပူတင်၏ မြောက်ကိုရီးယားနှင့် ဗီယက်နမ် ခရီးစဉ်၌ ဂရုပြုဖွယ်ကောင်းသော အချက်များ

မော်စကို/ဆိုးလ်/ဟနွိုင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင် နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းတို့သည် ဇွန် ၁၉ ရက်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေသည်။ မြောက်ကိုရီးယား ခရီးစဉ်အပြီးတွင် ပူတင်သည် ဗီယက်နမ်သို့ သွားရောက်မည် ဖြစ်သည်။

၎င်းမှာ ပူတင်သည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၂၄ နှစ်ကြာပြီးမှ မြောက်ကိုရီးယားသို့ အလည်အပတ် ခရီးစဉ် ထပ်မံရောက်ရှိလာခြင်း ဖြစ်သလို သမ္မတအနေဖြင့် ပဉ္စမအကြိမ်မြောက် ဗီယက်နမ်သို့ သွားရောက်ခြင်း ဖြစ်သည်။ အဆိုပါ ဆိုရှယ်လစ်နှစ်နိုင်ငံသို့ ပူတင် ဆက်တိုက် သွားရောက်ခြင်းက အများအထူးဂရုပြုစရာ ဖြစ်စေသလို အရေးကြီး သတင်းစကားများစွာ ဖော်ပြနေခြင်းလည်း ဖြစ်သည်။ ယင်းအခင်းအကျင်းကို လေ့လာကြည့်မည် ဆိုလျှင်-

ဆက်ဆံရေးကို အားဖြည့်ရန်
ရုရှား-ယူကရိန်း ပဋိပက္ခ အရှိန်အဟုန် မြင့်တက်လာပြီးနောက် လွတ်လပ်သောနိုင်ငံများ ဓနသဟာယအဖွဲ့ (CIS) ဒေသများမှလွဲ၍ အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်မှု အလွန်နည်းပါးခဲ့သည်။ လေ့လာသုံးသပ်သူများက ပူတင်၏ ယခုအကြိမ်ခရီးစဉ်မှာ မြောက်ကိုရီးယား၊ ဗီယက်နမ် အပေါ် ရုရှား၏ အထူးအလေးထားမှုကို ဖော်ပြနေပြီး နှစ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့်သို့ တိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ယူဆကြသည်။

ဇွန် ၁၉ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် မြောက်ကိုရီးယား အဆင့်မြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်းတို့ “အရေးကြီး” စာချုပ်များ လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း၊ “နိုင်ငံတကာနိုင်ငံရေး ၊ စီးပွားရေး၊ လုံခြုံရေး” နှင့် ကဏ္ဍများစွာ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ကြောင်း ၊ ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ “ထပ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာကို ပုံဖော်သွားမည်” ဖြစ်ကြောင်း ၊ ၎င်းမှာ မည်သည့် တတိယနိုင်ငံကိုမျှ ဦးတည်ခြင်း မရှိကြောင်း ရုရှား သမ္မတ လက်ထောက် Yury Ushakov၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။

ရုရှား နိုင်ငံတကာရေးရာ ကောင်စီ (RIAC) ညွှန်ကြားရေးမှူးချုပ် Andrey Kortunov က ယခုအကြိမ် အလည်အပတ်ခရီးစဉ်မှာ မြောက်ကိုရီးယားအပေါ် ရုရှားနိုင်ငံ၏ နိုင်ငံရေး အားပေးမှုကို ဖော်ပြသလို အနောက်နိုင်ငံများ ရုရှားအပေါ် ဖယ်ကြဉ်မည့် အစီအစဉ် ရှုံးနိမ့်နေပြီဖြစ်သည်ကို ဖော်ပြကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကင်ဂျုံအန်း ရုရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိပြီး ရုရှားအရှေ့ဖျားဒေသ Amur ပြည်နယ် Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းတွင် ပူတင်နှင့် “သမိုင်းဝင်” တွေ့ဆုံဆွေးနွေးခဲ့ပြီး အရေးကြီးပြဿနာရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ သဘောတူညီချက်များ ရရှိခဲ့သည်။ ထိုကာလတွင် မြောက်ကိုရီးယားသို့ အလည်အပတ် ခရီးစဉ် လာရောက်ရန် ကင်ဂျုံအန်းက ပူတင်ကို ဖိတ်ကြားခဲ့ရာတွင် ယင်းဖိတ်ကြားချက်ကို ပူတင်က လက်ခံခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကင်ဂျုံအန်းက ရုရှားနိုင်ငံ Vladivostok မြို့တွင် ၎င်းအာဏာရပြီးနောက် ပူတင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်တွင် ဗီယက်နမ် သမ္မတ To Lam က ဗီယက်နမ်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Bezdetko နှင့် တွေ့ဆုံပြီး ရုရှားသမ္မတ ပူတင်၏ အလည်အပတ်ခရီးစဉ်သည် နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်မည် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ်-ရုရှား နှစ်နိုင်ငံသည် ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားနှင့် လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် ကျယ်ပြန့်သည် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား နိုင်ငံတကာရေးရာ ပညာရှင် Grigory Trofimchuk က ပူတင်၏ ဗီယက်နမ်ခရီးစဉ်မှာ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့်《ဗီယက်နမ်-ရုရှား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး အခြေခံမူ သဘောတူညီချက်》နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကာလနှင့် ကြုံကြိုက်ရာ အမှတ်တရဖြစ်စေကြောင်း၊ “ဗီယက်နမ်က ရုရှား ဆန့်ကျင်ရေး အင်အားစုနဲ့ အဖွဲ့အစည်းတွေထဲမှာ ဘယ်တော့မှ မပါခဲ့ဘူး။ ရုရှားကို ဖယ်ကြဉ်ဖို့ ရည်ရွယ်တဲ့ ဘယ် ပိတ်ဆို့အရေးယူမှုကိုမဆို မထောက်ခံဘူး။ ဒါက ရုရှားအတွက်ပြောရရင် အလွန်အဖိုးတန်တဲ့ ပထဝီနိုင်ငံရေး အရင်းအမြစ်ပါပဲ” ဟု ပြောကြားခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်
ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ပူတင်က မြောက်ကိုရီးယား၊ ဗီယက်နမ် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းစေရေး အသီးသီးဆွေးနွေးသွားမည် ဖြစ်သည်။ ရုရှားအနေဖြင့် မြောက်ကိုရီးယားနှင့် “ကဏ္ဍအားလုံး”တွင် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားလိုကြောင်း ကရင်မလင်နန်းတော်ထုတ်ပြန်ချက်အရ သိရသည်။ ပူတင်၏ ဗီယက်နမ် ခရီးစဉ်အပေါ် အများအဓိကထား ပြောကြားနေကြသည်မှာ ရုရှား-ဗီယက်နမ် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် ပညာရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်သည်။

မြောက်ကိုရီးယားအလုပ်သမားပါတီ သတင်းစာဖြစ်သည့် 《Rodong Sinmun》တွင် ဇွန် ၁၈ ရက်က ပူတင်၏ဆောင်းပါးကို ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတွင် ပူတင်က နှစ်နိုင်ငံအတူတကွ ကြိုးပမ်းမှုဖြင့် “နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအဆင့်မြှင့်တင်သွားမည်” ဖြစ်ကြောင်း၊ ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် “အနောက်နိုင်ငံထိန်းချုပ်သော ကုန်သွယ်ရေးနှင့် အပြန်အလှန် စာရင်းရှင်းတမ်းစနစ်ကို ခံယူမည်မဟုတ်”ကြောင်း၊ တရားမဝင် တစ်ဖက်သတ်ကန့်သတ်မှုများကို အတူတကွ ဆန့်ကျင်ကြောင်း ၊ နှစ်နိုင်ငံသည် ယူရေးရှားကုန်းမြေတွင် “တန်းတူညီတူရှိ၍ ခွဲခြားမှုမရှိသော လုံခြုံရေး မူဘောင်”ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရုရှားသိပ္ပံအကယ်ဒမီ၊ တရုတ်နှင့်ခေတ်သစ်အာရှ သုတေသနဌာန တောင်ကိုရီးယား သုတေသနစင်တာ ထိပ်တန်း သုတေသီ Konstantin Asmolov က ယခုအကြိမ် ရုရှား-မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံ့အဆင့်မြင့်ဆုံးခေါင်းဆောင်အလွှာမှ ဖြေရှင်းရမည့် အရေးကိစ္စများကို ဆွေးနွေးမည် ဖြစ်ပြီး မော်စကိုနှင့် ပြုံယမ်း၏ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ မြှင့်တင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ဗီယက်နမ် ခရီးစဉ်အပေါ် Yury Ushakov က မိတ်ဆက်ပြောကြားရာတွင် ၎င်းက ယခုအလည်အပတ်ခရီးစဉ်ကာလတွင် ရုရှား-ဗီယက်နမ် နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးတက်ရေး ဆွေးနွေးကြရန် စီစဉ်ထားကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု စာချုပ်များစွာ လက်မှတ်ရေးထိုးမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ရုရှား-ဗီယက်နမ် အပူတပြင်းဖြစ်နေသည့် ကုန်သွယ်ရေးပြဿနာဖြစ်သော ငွေပေးချေမှုအတွက် ဘဏ်၏ ထောက်ခံအားပေးမှုဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးမည် ဖြစ်ကြောင်း ရုရှား သတင်းစာက ဖော်ပြထားသည်။ ရိုက်တာ သတင်းဌာနကမူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင် ရုရှား-ဗီယက်နမ် နှစ်နိုင်ငံ သဘောတူညီချက်များ ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ် အထွေထွေ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် ဗီယက်နမ်အကြား နှစ်ဖက်ကုန်သွယ်ရေးပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံရှိရာ ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်

ပူတင်၏ ပြီးခဲ့သည့်အခေါက် မြောက်ကိုရီးယားခရီးစဉ်မှာ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် ဖြစ်ရာ ထိုစဉ်က ၎င်းအနေဖြင့် ရုရှားသမ္မတ တာဝန်ယူထားသည်မှာ နှစ်လကြာမျှသာ ရှိသည်။ ယခုအကြိမ်မှာ ၂၄ နှစ်ကြာပြီးနောက် မြောက်ကိုရီးယားသို့ ပူတင် ထပ်မံရောက်ရှိလာခြင်း ဖြစ်၏။ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး မြှင့်တင်ခြင်းမှာ နှစ်ဖက်အတွက် အရေးကြီးသည့် မဟာဗျူဟာအနက်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း၊ နိုင်ငံတကာ ပထဝီနိုင်ငံရေးတွင် ပြင်ပဖိအားများကို နှစ်နိုင်ငံ အတူတကွ ရင်ဆိုင်သည့် နည်းလမ်းအဖြစ် ရှုမြင်နိုင်ကြောင်း အများက ယူဆကြသည်။

ရုရှားစစ်ရေး၊နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် lexander Perendzhiev က ရုရှားနှင့်မြောက်ကိုရီးယားသည် အမေရိကန်စသည့် အနောက်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှု ဖိအားကို ခံရချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ခြင်းမှာ နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီသည်ဟု ယူဆသည်။ နှစ်နိုင်ငံအဆင့်အပြင် ပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်သည် ကိုရီးယားကျွန်းဆွယ်၊ အာရှ-ပစိဖိတ် ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပုံစံစနစ် တည်ဆောက်ရာတွင် အရေးကြီးသည့် အဓိပ္ပါယ်ကို ဖော်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြောက်ကိုရီးယား 《Rodong Sinmun》သတင်းစာတွင် ဖော်ပြသော ဆောင်းပါးတွင် ပူတင်က အမေရိကန်သည် “စည်းမျဉ်းစည်းကမ်းပေါ်တွင် အခြေခံသောစနစ်” ဟု ဆိုကာ ကမ္ဘာတွင် အတင်းအဓမ္မဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုစနစ်မျိုးသည် “စံချိန်နှစ်မျိုး” ကို အခြေခံထားသော “ကမ္ဘာတစ်ဝန်း နီယိုကိုလိုနီဝါဒ အာဏာရှင် စီမံအုပ်ချုပ်မှု” ဖြစ်ကြောင်း ပြစ်တင် ရေးသားထားခဲ့သည်။

ဗီယက်နမ်ခရီးစဉ်မှာ ပူတင်၏ ၂၀၀၁ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၃ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များအပြီး သမ္မတ အနေဖြင့် ပဉ္စမကြိမ်မြောက် သွားရောက်ခြင်း ဖြစ်သည်။ ဇွန် ၁၆ ရက်《ဗီယက်နမ်-ရုရှား ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး အခြေခံမူ သဘောတူညီချက်》လက်မှတ်ရေးထိုးသည့် နှစ် ၃၀ ပြည့် အခါသမယ ဗီယက်နမ်-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် နှစ်ပေါင်း ၃၀ ကြာ ကာလတွင် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများသည် နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် အဆက်မပြတ် ပျိုးထောင်မှု၊ ဗီယက်နမ်-ရုရှား အစဉ်အလာချစ်ကြည်ရေး နေ့စဉ်နှင့်အမျှ နက်ရှိုင်းလာမှု ရှိကြပြီး နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားတိုးပွားရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းရေးတွင် လက်တွေ့အကျိုးဆောင်မှုရှိကြောင်း ဖော်ပြခဲ့သည်။ (Xinhua)