Videos
တရုတ်နိုင်ငံတွင် ရထားလမ်းသစ်ဖွင့်လှစ်ခြင်းက ရေလက်ကြားဖြတ်ကူး ခရီးသွားလာရေးအတွက် အဆင်ပြေလွယ်ကူစေ
ဖူကျန့်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုး-ဖိန်ထန်ရထားလမ်းကို (၇)နှစ်ကြာတည်ဆောက်မှုအပြီး စနေနေ့(ဒီဇင်ဘာ ၂၆ ရက်)တွင် ဖွင့်လှစ်ပြေးဆွဲခဲ့သည်။ ၎င်းရထားလမ်းသည် တရုတ်နိုင်ငံ ပြည်မကြီးနှင့် ထိုင်ဝမ်ဒေသတို့၏ ခရီးသွားလာမှုကို ပို၍ အဆင်ပြေလွယ်ကူစေကြောင်း သိရသည်။
ဖူကျန့်ပြည်နယ်၏မြို့တော် ဖူကျိုးနှင့် ကျွန်းခရိုင်လေးဖြစ်သည့် ဖိန်ထန်ကို ချိတ်ဆက်ထားသော (၈၈) ကီလိုမီတာအရှည်ရှိ အဆိုပါရထားလမ်းကို တစ်နာရီလျှင် ကီလိုမီတာ(၂၀၀)နှုန်းဖြင့် မြန်နှုန်းမြင့်မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ပြည်မကြီးနှင့် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ၏ ပူးပေါင်းဖလှယ်ရေးကို မြှင့်တင်ဆောင်ရွက်ရန်အတွက် ဖိန်ထန် ဘက်စုံစီမံကိန်း ရှေးပြေးဇုန်ကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့ရာ လက်ရှိတွင် ယင်းရှေ့ပြေးဇုန်တွင် ထိုင်ဝမ်ဒေသ လုပ်ငန်းပေါင်း (၁,၀၀၀)ခန့် ရှိကြောင်း သိရသည်။
ဖူကျိုး-ဖိန်ထန် ရထားလမ်းသည် ဖိန်ထန်နှင့် အဓိကမြို့များဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်း ၊ ဆန်းကျန့် မြို့များကို ချိတ်ဆက်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး အချက်အချာနေရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း China Railway Nanchang Group Co., Ltd၏ အရာရှိ လီဖေးက ဆိုသည်။
ယင်းရထားလမ်းပေါ်တွင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးရထားလမ်းတံတား ဖိန်ထန်ရေလက်ကြားရထားလမ်းတံတားရှိသည်။လာမည့်နှစ် ဇန်နဝါရီ ၂၀ ရက်မှစ၍ လက်ရှိ (၉.၅) ကြိမ်ပြေးဆွဲနေရာမှ တစ်ရက် (၁၇) ကြိမ်အထိ ခေါက်တုံ့ခေါက်ပြန်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။