Connect with us

Videos

ရွှေတိဂုံ စေတီတော်၌ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၃၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောင်မြေနေရာတွင် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီမှ စတင် ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၄ နာရီတွင် နေရာဌာန(၉)ဌာန၌ သင်္ကန်းကပ်လှူ ပူဇော်ခဲ့သည်။

နိုင်ငံခြားခရီးသွားများ အထူးစိတ်ဝင်စား လေ့လာသော အဆိုပါ မသိုးသင်္ကန်း ရက်လုပ် ပြိုင်ပွဲတွင် အသင်း ၁၂ သင်းမှ ကိုးသင်းပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ပြီး ပထမဆု ငွေကျပ်သုံးသိန်းခွဲ၊ ဒုတိယဆု ငွေကျပ်သုံးသိန်း၊ တတိယဆုငွေ ကျပ် နှစ်သိန်းခွဲ၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်းနှင့် ကျန်နှစ်သိမ့်ဆု ငါးဆုအတွက် ငွေကျပ်တစ်သိန်းခွဲစီ ချီးမြှင့် ခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီ တွင် ကကုဿန်မြတ်စွာဘုရား၊ ကောဏာဂုံ မြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမ မြတ်စွာဘုရားနှင့် ပတ္တမြား မျက်ရှင်ဘုရားရှင် တို့ကို မသိုးသင်္ကန်းများ ကပ်လှူပူဇော် ခဲ့ ပြီး အင်္ဂါထောင့် စတုသစ္စာပါရမီ အသင်း တန်ဆောင်း၊ စနေထောင့်ရွှေဂုံမြင့်အသင်း တန်ဆောင်း၊ ရာဟုထောင့် သာသနဝေယျာဝစ္စ အသင်းတန်ဆောင်းနှင့် တနင်္ဂနွေထောင့် သာသနဟိတဝတ်အသင်း တန်ဆောင်းတို့တွင် ကိန်းဝပ်စံပယ်တော်မူသော မြတ်ဗုဒ္ဓတော်တို့ကိုလည်း မသိုးသင်္ကန်း ကပ်လှူပူဇော် ခဲ့သည်။

နှစ်စဉ်ကျင်းပလျက် ရှိသော မသိုးသင်္ကန်း ကပ်လှူပွဲအတွက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲကို လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးတွင် နိုဝင်ဘာ ၆ ရက်မှစတင်ကာ ယနေ့ညနေပိုင်းအထိ အသင်းကိုးသင်းမှ ရက်ကန်းစင်များဖြင့် လေ့ကျင့်ခဲ့ကြပြီး၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ မှ ည ၁ဝ နာရီအထိ ပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.