Videos
သီရိလင်္ကာနိုင်ငံ၌ လောင်စာဆီပြတ်လပ်မှုကြောင့် ပိတ်ထားသော စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်
ကိုလံဘို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုကြောင့် တစ်လနီးပါးခန့် စာသင်ကျောင်းများပိတ်ထားရာမှ ဇူလိုင် ၂၅ ရက်တွင် အစိုးရကျောင်းများနှင့် အစိုးရအသိအမှတ်ပြုကိုယ်ပိုင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။
သို့ရာတွင် စာသင်ကျောင်းများအား တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ နှင့် ကြာသပတေး ၃ ရက်သာ ဖွင့်လှစ်ဦးမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် ကျန်ရှိသည့်ကျောင်းဖွင့်ရက်၂ ရက်ကိုမူ အွန်လိုင်းမှ တစ်ဆင့် ကျောင်းသင်ခန်းစာများကို သင်ယူလေ့လာကြရမည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက စာသင်နှစ် ပထမကာလကို စက်တင်ဘာလ ၇ ရက်နေ့အထိတိုးမြှင့်ခဲ့သည်။
နိုင်ငံအတွင်း စာသင်နှစ်ပထမကာလ ပြီးဆုံးသည်အထိ ကျောင်းများတွင်စာမေးပွဲများကျင်းပမည်မဟုတ်ဘဲ အခြား အကဲဖြတ်စစ်ဆေးချက်များကို ပြောင်းလဲလုပ်ဆောင်ရန်ကျောင်းအုပ်များအား ညွှန်ကြားထားခဲ့သည်။
သီရိလင်္ကာနိုင်ငံ သမ္မတ Ranil Wickremesinghe က ကျောင်းကားများကို နိုင်ငံပိုင် လောင်စာဆီဆိုင်များအားလုံးမှ လောင်စာဆီဖြည့်သွင်းပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားသည်။
သီရိလင်္ကာနိုင်ငံတွင် စာသင်ကျောင်းများ၌ ကျောင်းသားများကို သယ်ယူပို့ဆောင်ပေးသည့် ယာဉ် အစီးရေပေါင်း ၄၀,၀၀၀ နီးပါးရှိသည်။
သီရိလင်္ကာနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် ငွေကြေးလဲလှယ်မှုပြဿနာများကြောင့် လောင်စာဆီပြတ်လပ်မှုကို ဆိုးဝါးစွာခံစားနေရသည့်နိုင်ငံဖြစ်သည်။ (Xinhua)