Local
ကမ္ဘာ့ဘဏ်မှ ချေးငွေရယူရန် လက်မှတ်ရေးထိုး
ရန်ကုန်၊ ဧပြီ ၂၂ ရက်
မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Financial Development Project)အတွက် ကမ္ဘာ့ဘဏ်ထံမှ နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ နှင့် ညီမျှသော SDR ၇၁ .၇ဝဝ သန်းရယူနိုင်ရန် နေပြည်တော်ရှိ Kempiski Hotal ၌ ချေးငွေစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၎င်းချေးငွေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ချေးငွေဆိုင်ရာ စည်းကမ်းချက်များမှာ ဝန်ဆောင်ခ တစ်နှစ်လျှင် ဝ.၇၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခြောက်နှစ် နှင့် ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်း ချေးငွေသက်တမ်း ၃၈ နှစ်ဖြစ်ကြောင်း သိရသည်။
ယင်းချေးငွေရယူရန် Financing Agreement ကို ကမ္ဘာ့ဘဏ်ကိုယ်စား Country Director ဖြစ်သူ Mr. Ulrich Zachau နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းတို့ကလည်းကောင်း၊ ထပ်ဆင့်ချေးငွေ စာချုပ်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေတို့က လည်းကောင်း၊ Project Agreement ကို ကမ္ဘာ့ဘဏ်ကိုယ်စား Country Director ဖြစ်သူ Mr. Ulrich Zachau နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေတို့က လည်းကောင်း လက်မှတ်ရေးထိုးကြကြောင်း၊ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘာ့ဘဏ်ကိုယ်စား Country Manager ဖြစ်သူ Mr.Abodoulaye Seck ဦးဆောင်သော တာဝန်ရှိ ပုဂ္ဂိုလ်များ တတ်ရောက်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)