Local
ပြည်တွင်းရှိ ပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းများတွင် တိုင်းရင်းသား လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့် ပြုသွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ပြည်တွင်းရှိ ပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းများတွင် ပြည်ပရင်း နှီးမြှုပ်နှံသူများက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများ ရှိသော်လည်း ခွင့်ပြုသွားမည် မဟုတ်ဘဲ တိုင်းရင်းသား လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း ထံမှ သိရသည်။
ထိုကဲ့သို့ ပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းများတွင် ပြည်ပ ရင်းနှီးမြှုပ်နံှသူများကို ဝင်ရောက် ရင်းနှီးမြှုပ်နှံခွင့် မပြုသည်မှာ ရေပြင် သယံဇာတများကို ထိန်းသိမ်းနိုင်ရန် အပြင် ပျောက်ကွယ်လု နီးပါး ဖြစ်နေသည့် ရေပေါ် ရေအောက် သယံဇာတများ ဆုံးရှုံးမှု မဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ရေပြင် သယံဇာတ စစ်တမ်း ကောက်ယူမှုများကို ၂၀၁၄ ခုနှစ်အတွင်း နော်ဝေနိုင်ငံမှ သုတေသန ရေယာဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး လာမည့်နှစ် အတွင်း ရေပြင် သုတေသန လုပ်ငန်းများ ထပ်မံ လုပ်ကိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)