Local
မြန်မာ့သစ်သီးဝလံများအား နိုင်ငံတကာဈေးကွက်မှ ဝယ်ယူရန်ကမ်းလှမ်းမှုများရှိဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးဝလံများကို ဝယ်ယူလိုသည်ဟု နိုင်ငံတကာဈေးကွက်မှ ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးသူက “အောက်တိုဘာလ လောက်မှာ သစ်သီးဝလံဝယ်ယူချင်တဲ့ ကမ်းလှမ်းမှုတွေရှိလာတယ်။ မြန်မာ့သစ်သီးဝလံတွေကို အာရှနိုင်ငံတွေက ဝယ်ယူချင်တယ်လို့ ကမ်းလှမ်းကြတာပါ။ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က ကမ်းလှမ်းထားပါတယ်။’’ ဟုဆင်ဟွာသို့ နိုဝင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါ သစ်သီးဝလံများအား ပြည်ပသို့တင်ပို့ရာတွင် အစားအစာဘေးကင်းလုံခြုံရေးနှင့် အပင်ရောဂါပိုးမွှား ကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်များလိုအပ်ကြောင်း နှင့် အပင်ရောဂါကင်းရှင်းရေးလက်မှတ်အား စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ဈေးကွက်သစ်များရရှိစေရေး၊ ပို့ကုန်များများတင်ပို့နိုင်ရေးအတွက်ကြိုးပန်းဆောင်ရွက်လျက်ရှိသလို ကုန်သည်များအချင်းချင်း အွန်လိုင်းမှ တစ်ဆင့် ရောင်းချနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။ (Xinhua)