Local
မှတ်ပုံတင်ထားသည့် မြေသြဇာများ စံချိန်စံညွှန်း နှင့် မကိုက်ညီလျှင် မြေသြဇာ ဥပဒေ အရ အရေးယူ ဆောင်ရွက်လျက်ရှိ
ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)
ဈေးကွက်အတွင်းရှိသည့် မြေသြဇာ များကို မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှု ရှိ/မရှိနှင့် အရည် အသွေး စံချိန်စံညွှန်း ကိုက်ညီမှု ရှိ/မရှိ တို့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဖွဲ့စည်း ပေးထားသည့် မြေသြဇာ စစ်ဆေးရေး အဖွဲ့များက မြေသြဇာနမူနာများရယူ၍ ဓာတ်ခွဲခန်း၌ စစ်ဆေးလျက်ရှိပြီး မှတ်ပုံတင်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက မြေသြဇာဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မြေသြဇာ ကော်မတီမှ သိရသည်။
မြေသြဇာကော်မတီအနေဖြင့် မြေသြဇာ များ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီမှန်ကန်ရေးအတွက် မြေသြဇာ အမျိုးအစားအလိုက် သတ်မှတ်စံချိန် စံညွှန်းနှင့်ကိုက်ညီသည့် မြေသြဇာများကိုသာ မှတ်ပုံတင်ခွင့်ပြုပြီး ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချစေလျက် ရှိကြောင်း သိရသည်။
၁ဝ နှစ်တာကာလအတွင်း ပြည်တွင်း ထုတ်လုပ် မြေသြဇာ မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းသို့ တင်သွင်း မှတ်ပုံတင် လက်မှတ်နှင့် ပြည်ပသို့တင်ပို့သည့် မှတ်ပုံတင်လက်မှတ် စုစုပေါင်း ၃၆၅၇ စောင်တို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေး တိုးတက်မြင့်မားရေး၊ စားသုံးသူ ဘေးကင်း လုံခြုံရေးတို့အတွက် အဓိက သွင်းအားစုဖြစ်သော မြေသြဇာနှင့် သွင်းအားစု စိုက်ပျိုးရေးသုံး ဆေးဝါးများ အရည်အသွေးပြည့်ဝရေး၊ ဘေးကင်းလုံခြုံ မှုရှိစွာ သုံးစွဲနိုင်ရေးတို့အတွက် ဥပဒေ နည်းဥပဒေများ နှင့်အညီ လိုက်နာဆောင် ရွက်စေရေး ကြပ်မတ်ဆောင်ရွက်နိုင်ရန် မြေသြဇာကော်မတီကို ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)