Local
အသေးစား အလတ်စားလုပ်ငန်း များအတွက် ကန်ဒေါ်လာ သန်း ၄၀ ထုတ်ချေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)မှ ပြည်တွင်းရှိ အသေးစား အလတ်စား လုပ်ငန်းများ (SMEs) များကို အမေရိကန်ဒေါ်လာ သန်း ၄၀ ကို ယခုနှစ် မတ်လတွင် စတင် ထုတ်ချေးမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက် ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ ပြုလုပ်သော SME Business Seminar ထံမှ သိရသည်။
အသေးစား အလတ်စား လုပ်ငန်းများအတွက် ဂျပန်ယန်း ၅ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၄၀) ထုတ်ချေးမှု အစီအစဉ်သည် ငွေကြေးအပိုင်း ကဏ္ဍကို စတင်ကူညီခြင်းဖြစ်ပြီး လူသားအရင်းအမြစ် နှင့် ပတ်သတ်ပြီး ဂျပန်အနေနှင့် သင်တန်းများပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
“Two- steps loan နဲ့ချေးမှာ၊ JICA က အစိုးရကိုပေးမယ်၊ အစိုးရကနေ ဘဏ်တွေကို၊ အသေးစား အလတ်စားတွေက ထုတ်ချေး၊ အဲဒိလိုပုံစံသွားမယ်” ဟု SME Business Seminar သို့တက်ရောက်လာသော အသေးစားအလတ်စား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်းသို့ ချေးငွေ ထုတ်ချေးခြင်းကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) ဘဏ်မှတစ်ဆင့်လည်း ထုတ်ချေးသွားမည်ဖြစ်သည်။
၂ဝ၁၃ ခုနှစ်တွင် SMIDB ဘဏ်က အစိုးရမှချထားပေးသည့် ငွေကျပ် ၁ဝ ဘီလီယံ ကို အသေးစား အလတ်စား လုပ်ငန်းရှင် ၆၂ ဦးကို ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် ကျပ် ငွေ ၂ဝ ဘီလီယံ အထိ တိုးချဲ့ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်းပေါင်း ၁၂ဝ,ဝဝဝ ကျော်ရှိနေပြီး မြန်မာ့စီးပွားရေး လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်ရှိသည်။ (Xinhua)