Connect with us

Business

မြန်မာ့ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်း တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် လှန်းထားသော ရော်ဘာများအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ဆင်ဟွာသို့ ယနေ့ မတ် ၂ ရက်တွင် ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသ ရှိ ရော်ဘာပင်များအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

 

ရော်ဘာစေးများအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း)

ဦးခိုင်မြင့်က “တရုတ်နိုင်ငံရဲ့ ရော်ဘာကုန်ကြမ်းအသုံးပြုမှုကတအားမြင့်ပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချရတာဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ ကုန်ချောထုတ်လုပ်မှုတွေက မြင့်တက်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှ မဟုတ်ဘူး။တခြားရော်ဘာစိုက်ပျိုးတဲ့ နိုင်ငံတွေကလည်း တရုတ်နိုင်ငံကို ရော်ဘာအဓိကတင်ပို့နေရတာကို တွေ့ရပါတယ်။ ဈေးကောင်းရရှိမှုကတော့ ကိုယ်တင်ပို့တဲ့ ပစ္စည်းရဲ့ အရည်အသွေးပေါ်မူတည်ပြီးဈေးကောင်းရရှိပါတယ်။ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေက ဈေးကောင်း ပိုရတာပေါ့’’ ဟုပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်ကာ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းအထိ ရော်ဘာတန်ချိန် ၂၀၀,၀၀၀ ကျော်ကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ရော်ဘာကို တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ရော်ဘာတန်ချိန် ၃၀၀,၀၀၀ တင်ပို့ရန် မျှော်မှန်းထားကြောင်း သိရသည်။ လက်ရှိ ပေါက်ဈေးမှာ ပြည်တွင်း ရော်ဘာတစ်ပေါင်ကို ကျပ် ၁,၃၅၀ မှ ၁,၄၀၀ ကျပ်အထိ မြင့်တက်လာပြီး နိုင်ငံတကာဈေးကွက်တွင် ရော်ဘာတစ်တန်လျှင် ကန်ဒေါ်လာ ၁,၇၀၀ ဝန်းကျင်ဖြင့် ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိသည်။

မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ရော်ဘာကိုအဓိကစိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ရော်ဘာကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁.၆၄ သန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.