Connect with us

Local

ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်းကြောင့် ဘဲမွေးမြူရေးလုပ်ငန်း တချို့အရှုံးပေါ်၊တချို့ရပ်နား

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရှိ လယ်ကွက်တစ်ခုထဲတွင် ဘဲများအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်း၊ တိရစ္ဆာန်အစားအစာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် ဘဲဥအထွက်နှုန်းနှင့် တွက်ခြေမကိုက်တော့သဖြင့်ဘဲမွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်၍ တချို့ လုပ်ငန်းရပ်စဲရခြင်းများရှိကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။ဘဲမဒန်းများအား အစာမနိုင်သောကြောင့် တစ်ကောင် ၅,၀၀၀ ကျပ်ဖြင့် ပုတ်ပြတ်ရောင်းချရန် ကြော်ငြာထားသည့် ရန်ကုန်တိုင်းဒေသကြီးမှ ဘဲမွေးမြူရေးလုပ်ငန်းရှင် ကိုနိုင်က “ အစာဈေးတွေကလည်း ကြီးလာတယ်။ ဒါကြောင့် ပုတ်ပြတ်ရောင်းဖို့ ကြေညာလိုက်တာပါ။ အစာဈေးတွေက ဆန်ကွဲကအစတက်တာပါ။ ဆန်ကွဲတစ်ပြည်ကို ၁,၅၀၀ကျပ်ကနေ ၂,၀၀၀ ကျပ်ကျော်အထိ ဈေးတက်သွားတယ်။ အထွက်နှုန်းလည်းနည်းတယ်။ နေရာအခက်အခဲလည်းရှိတော့ ဆက်မမွေးဖို့ ဆုံးဖြတ်လိုက်တာပါ” ဟုဆင်ဟွာကို ပြောသည်။ဘဲများမွေးမြူရာတွင် ခြံနှင့် အလွတ်ကျောင်း စနစ် နှစ်မျိုးဖြင့် မွေးမြူလျက်ရှိပြီး ဘဲဥအထွက်နှုန်းများလည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ဈေးတစ်ခုအတွင်းမှ ဘဲဥများကို တွေ့ရစဉ် (ဓာတ်ပုံ– ပြန်ကြားရေးဝန်ကြီးဌာန)

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်ရှိ ကျော်စွာဘဲမွေးမြူရေးနှင့်ဥစားဘဲရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကိုကျော်စွာက “ဘဲစာတွေကတော့ ဈေးအရမ်းတက်ပါတယ်။ ဘဲစာဈေးတက်ပေမယ့် ဘဲဥဈေးက တက်မလာတော့ အခက်အခဲတော့ရှိတာပေါ့။ လုပ်လက်စတွေကတော့ လုပ်နေရတာပေါ့။ ဆန်ကွဲတို့၊ ဘဲအစားအစာတွေက ဇန်နဝါရီ ပထမပတ်လောက်ကတည်းက တအိအိတက်လာတာပါ။ ဘဲဥဈေးက ဒီရက်ပိုင်း လက်ကားဈေးကွက်မှာ အကျဘက်တောင်ဦးတည်နေပါတယ်။ ဘဲဥက kg နဲ့သွားတာပါ။ လက်ကားဈေးဆိုရင် kg အလိုက် ကျပ်၂၀၀ ကနေ ကျပ်၂၅၀ အကြားမှာရှိပါတယ်’’ ဟုဆင်ဟွာကို ပြောသည်။

လက်လီဈေးကွက်တွင် ဘဲဥတစ်လုံးကို ကျပ် ၃၀၀ မှ ကျပ် ၃၅၀ ပေါက်ဈေးရှိကြောင်း သိရသည်။ ဘဲအကောင်ရေ ၆,၀၀၀ ခန့်မွေးသူမှာ ဘဲဥအလုံးရေ ၄,၀၀၀ ဝန်းကျင် ထွက်ရှိကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် ဘဲဥတစ်လုံးကို ကျပ် ၂၀၀ မှ ကျပ် ၃၅၀ အကြားရှိပြီး ဘဲဥနှင့် ကြက်ဥနှိုင်းယှဉ်လျှင် ကြက်ဥကို စာသုံးမှုပိုများကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူများထံမှ သိရသည်။ပြည်တွင်း မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အခက်အခဲများရှိနေသောကြောင့် မွေးမြူရေးအစာဖြစ်သည့် ဆန်ကွဲ၊ ပြောင်း စသည့်ကုန်ကြမ်းများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးရန် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များက သက်ဆိုင်ရာဝန်ကြီး ဌာနသို့ တင်ပြထားကြောင်း သိရသည်။

ကိုကျော်စွာက “လုပ်ငန်းရပ်လိုက်ရတဲ့သူတွေက ဥအထွက်နှုန်းတိတိကျကျမမှန်းနိုင်တာ၊ကိုယ်မွေးမြူတဲ့ ဘဲအမျိုးအစားက မျိုးမမှန်တာနဲ့ လုပ်ငန်းကျွမ်းကျင်မှုလိုအပ်ချက်တွေကြောင့်လို့ထင်ပါတယ်။ အစာဈေးတက်တာကြောင့် လုပ်ငန်းမှာ အရှုံးပြသူတွေ၊ အရင်းပဲပြန်ရသူတွေရှိတယ်။ ဥထွက်နားလည်သူတွေကတော့ အမြတ်တော့ရတယ်။နည်းသွားတာပေါ့’’ဟုပြောသည်။

အစာဈေးနှုန်းအပြင် အစာအရည်အသွေးများလည်း ယခင်လောက်ကောင်းမွန်မှု မရှိကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ကိုကျော်စွာက “မွေးမြူရေးအစားအစာတွေက ဈေးတွေသာတက်လာတာ အရည်အသွေးပိုင်းကျတော့ အရင်လို မကောင်းတော့ဘူး။ ဘဲပေါက်ကိုကျွေးရတဲ့ဈေးနှုန်းဆို ပိုဆိုးပါတယ်။ အစာကို ပိုကျွေးတာတောင် အရင်နှုန်းထားကို မမီဘူး’’ ဟု ကိုကျော်စွာက ဖြည့်စွက်ပြောကြားသည်။

လက်လီဈေးကွက်တွင် ဘဲဥဈေးနှုန်းများ ကြီးမြင့်လာရခြင်းမှာ အဓိကအားဖြင့် အစာဈေးနှုန်းနှင့် ဘဲဥ အထွက်နှုန်းကြောင့်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မွေးမြူရေးနှင့် လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်လှိုင်က “ဥစားကြက်ဆိုရင်တော့ အအေးခန်းပေးပြီးမွေးတဲ့လုပ်ငန်းတွေ တော်တော်ပေါ်လာပြီ သူတို့ကတော့ တွက်ချေကိုက်တယ်။ Open House မွေးတဲ့သူတွေကတော့ တွက်ချေမကိုက်ဘူး။ ပြီးခဲ့တဲ့လပိုင်းက သားပေါက်ဈေးတွေလည်း တက်သွားတာတွေ့ရပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ကတော့ မွေးမြူရေးလုပ်ငန်းရှင်တွေကို အထွက်နှုန်းတိုးဖို့ သင်တန်းလေးတွေ ပေးဖို့တော့ ရှိပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။

ပြည်တွင်းဈေးကွက်၌ ဆန်ကွဲတစ်အိတ်ကို ကျပ် ၄၆,၀၀၀ အထိရှိကြောင်း ပြည်တွင်းဆန်နှင့် ဆန်ကွဲရောင်းချသူများထံမှ သိရသည်။ ဈေးကွက်တွင် ဘဲဥလက်ကားဈေး ၂၀kg ကို ၂၅၅ ကျပ် ၊၂၁ kg ကို ၂၆၅ ကျပ် ရှိကြောင်း သိရသည်။ (Xinhua)

#ဆန်ကွဲ #ဘဲ#BrokenRice #Duck