Business
မြန်မာနိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံဝင်ရောက်

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဧပြီ ၈ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ အထက်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူများကို ၂၀၂၀ပြည့်နှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အထက်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူများကို ၂၀၂၀ပြည့်နှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည်၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၃ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးကြောင်း သိရသည်။ အဆိုပါဘတ်ဂျက်နှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၇ ခုကို ခွင့်ပြုခဲ့သည်။
ယင်းဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၂၀.၂၇ သန်းကျော်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ခဲ့ပြီး ဝန်ဆောင်မှု ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၀၄.၁၂ သန်းနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၇၁.၈ သန်း ဝင်ရောက်ခဲ့ကြောင်း DICA မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၁-၂၀၂၂ ခုနှစ် ကြားဖြတ်ဘတ်ဂျက်ကာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၄၂.၀၈ သန်းဝင်ရောက်ခဲ့ပြီး ယင်းဘတ်ဂျက်ကာလမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ကာ ၂၀၂၂ ခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း DICA မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)