Connect with us

Business

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပျားရည် ၁,၉၀၀ တန်ကျော်တင်ပို့နိုင်ခဲ့

ပန်းပွင့်ပေါ်တွင် နားနေသည့် ပျားတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျားရည်တန်ချိန် ၁,၉၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၈ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ယနေ့ ဧပြီ ၁၁ ရက်တွင် ဆင်ဟွာသို့ပြောသည်။

မွေးမြူရေးပျားအုံတစ်ခုတွင် ပျားများအား တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ပျားရည်ပုလင်းများအား တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့၌ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းမှ ပျားရည်တန်ချိန် ၁၈၅၃.၇၄ တန် တင်ပို့ခဲ့ပြီး နယ်စပ်မှတစ်ဆင့် ပျားရည် ၆၃.၄၄ တန် တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ်မှာ ထုတ်လုပ်မှု ကျဆင်းသွားတဲ့အတွက် ပျားရည်တင်ပို့မှု လျှော့နည်းသွားခဲ့တယ်” ဟု ဦးစိုးနိုင်က ပြောသည်။
မြန်မာနိုင်ငံသည် ယခင်နှစ်များက ပျားရည်တန်ချိန် ၃,၀၀၀ ခန့် တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်များတွင် နှစ်စဉ် ပျားရည်တန်ချိန် ၄,၀၀၀ မှ ၅,၀၀၀ အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း ဦးစိုးနိုင်ကဆိုသည်။
မြန်မာနိုင်ငံမှ ပျားရည်ကို တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးခြံအများစုသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ပျားရည်များမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်နှင့် ပန်းပေါင်းစုံပျားရည်တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)