Stock Market
ရန်ကုန် စတော့အိတ်ချိန်း အတွက် Service Provider ကို ဖေဖော်ဝါရီ ၂၇ နောက်ဆုံး လျှောက်ထားရမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ရန်ကုန်စတော့အိတ်ချိန်းတွင် Service Provider လျှောက်ထားသူများအနေဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားရမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း မှ ဆင်ဟွာ သို့ပြောသည်။
Service Provider အဖြစ်လုပ်ဆောင်ရန် လုပ်ငန်းအမျိုးအစား လေးမျိုးသတ်မှတ်ထားပြီး စတော့ရှယ်ယာဈေးကွက်တွင် ရှယ်ယာများ တဆင့်ပြန်လည်ဖြန့်ဖြူးရောင်းချချင်သူများ၊ ရှယ်ယာ ဝယ်ရောင်း လုပ်ကိုင်သူများ၊ ပွဲစားအဖြစ်ဆောင်ရွက်လိုသူများ နှင့် နှင့် စတော့ အိတ်ချိန်း နှင့်ပက်သက်သည့် အတိုင်ပင်ခံ လုပ်ငန်း လုပ်ကိုင်သူများ ဟူ၍ လုပ်ငန်းလေးမျိုး သတ်မှတ်ထားကြောင်း သိရသည်။
Service Provider ကုမ္ပဏီများ ရန်ကုန်စတော့ရှယ်ယာဈေးကွက် တွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိရန် Service Provider ကုမ္ပဏီများကို ထည့်ဝင်မတည်ငွေများ သတ်မှတ်ထားပြီး စတော့ရှယ်ယာများကို တဆင့်ပြန်လည်ရောင်းချသည့် လုပ်ငန်းအတွက် မြန်မာငွေကျပ် ၁၅ ဘီလီယံ၊ စတော့ရှယ်ယာများကို ဝယ်ရောင်း လုပ်ကိုင်သည့် လုပ်ငန်းအတွက် ငွေကျပ် ၁၀ ဘီလီယံ ၊ စတော့ရှယ်ယာများကို ရောင်းသူနှင့် ဝယ်သူကြား ပွဲစားအဖြစ် လုပ်ကိုင်သည့် လုပ်ငန်းအတွက် ငွေကျပ် ၇ ဘီလီယံ နှင့် စတော့ အိတ်ချိန်း နှင့်ပက်သက်သည့် အတိုင်ပင်ခံ လုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀ သတ်မှတ်ထားကြောင်းသိရသည်။
Service Provider ကုမ္ပဏီများကို နိုင်ငံသားပိုင် ကုမ္ပဏီများသာမက နိုင်ငံခြားနှင့် ပူးပေါင်း ဆောင်ရွက် ထားသော ကုမ္ပဏီများကိုပါ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး၊ ထိုကဲ့သို့ နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူလုပ်သည့် ကုမ္ပဏီများသည် မြန်မာမှ အဓိကလုပ်နေသော ကုမ္ပဏီဖြစ်ရမည် ဖြစ်ကြောင်း၊ လိုအပ်ပါက ICT နည်းကို အသုံးပြုနိုင်သော ကုမ္ပဏီများဖြစ်ရမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
စတော့အိတ်ချိန်းကို ယခုနှစ်အောက်တိုဘာတွင် စတင်လုပ်ကိုင်မည်ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်ပြီး လျှောက်လွှာများလက်ခံခဲ့ခြင်းဖြစ်သည်။ (Xinhua)