Connect with us

Economy

တရုတ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း 3D ပရင်တာ ၁၆၀,၀၀၀ ရောင်းချနိုင်မည်

3D printing လုပ်ငန်းတစ်ခုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဈေးကွက်၏ 3D ပရင်တာ ရောင်းချမှု အရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် အလုံးရေ ၁၆၀,၀၀၀ အထိရောင်းချနိုင်မည်ဟု မျှော်မှန်းထားပြီး ယင်းသည် အမေရိကန် ဈေးကွက်၏ ဈေးကွက် ရောင်းအားထက် သာလွန်ကြောင်း ဈေးကွက် သုတေသန လုပ်ငန်း IDC က ပြောကြားလိုက်သည်။

ရောင်းအား ပမာဏအားဖြင့် အမေရိကန်ထက် တရုတ်က သာလွန်သော်လည်းပဲ ဝင်ငွေမှာမူ အမေရိကန်နှင့် ယှဉ်လျှင် နည်းပါးနေသေးကြောင်း တရုတ်နိုင်ငံရှိ IDC ၏ လေ့လာဆန်းစစ်သူ မိုမင်ရိ (Mo Minyi) ကပြောသည်။

တရုတ်နိုင်ငံတွင် တန်ဖိုးနည်း 3D ပရင်တာ သုံးစွဲမှု များပြားနေသလို အမေရိကန်မှာတော့ တန်ဖိုးကြီး အဆင့်မြင့် နည်းပညာသုံး ကိရိယာများကို ပိုမိုသုံးစွဲကြကြောင်း မိုက ပြောသည်။

တရုတ်ဈေးကွက်တွင် 3D ပရင်တာများ တင်ပို့မှုမှာ ၂၀၁၄ ခုနှစ်တွင် ၃၄,၀၀၀ လုံး ရှိပြီး ၂၀၁၅ တွင် နှစ်ဆ တိုးလာကာ ၇၇,၀၀၀ လုံးရှိခဲ့သည်။ ထိုသို့ ရောင်းချနိုင်မှုတွင် အဓိကအားဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀၀၀ အောက် 3D ပရင်တာများ ဝယ်လိုအား ပိုများခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ထုတ်ကုန် အခြေပြု အဆင့်မြှင့်တင်မှုကြောင့် နည်းပညာမြင့် 3D ပရင်တာများ ဝယ်လိုအား မှာလည်း တစ်ရှိန်ထိုး မြင့်တက်လာနိုင်သည်။ IDC ခန့်မှန်းချက်အရ 3D ပရင်တာများ တင်ပို့မှုမှာ ၂၀၂၀ ခုနှစ် တွင် အလုံးရေ ၄၄၀,၀၀၀ ရှိလာမည် ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း ရောင်းအား နှစ်စဉ် ၄၃ ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်သည်။ (Xinhua)